News

POST TAGGED AS

ဒေါ်လာဈေး

08-Jan-2018

စက်သုံးဆီ
အစိုးရသစ်လက်ထက် စက်သုံးဆီဈေး စံချိန်တင်

ရန်ကုန်၊ ဇန်နဝါရီ ၈

၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်အထိ စက်သုံးဆီ ဈေးနှုန်းများသည် ဆက်တိုက်မြင့်တက်နေရာ စံချိန်တင် ဈေးနှုန်းသို့ ရောက်ရှိကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

၂၀၁၅ ခုနှစ်အစောပိုင်းက စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၅၀ဝ ကျော်သာ ရှိခဲ့ရာမှ ယခုအခါ တစ်လီတာလျှင် ကျပ် ၈၅၀ ခန့်အထိ ရောက်ရှိလာပြီး စက်သုံးဆီဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေခြင်းဖြစ်သည်။

စက်သုံးဆီဈေးနှုန်းသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်နှင့် ယခုနှစ် ပထမပတ် နှစ်ပတ်ဆက်တိုက် ပြည်ပ ဈေးများမြင့်၍ မြင့်တက်လာပြီး အမြင့်ဆုံးဈေးသို့ ရောက်ရှိလာခဲ့ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရသည်။

ထို့ကြောင့် စက်သုံးဆီဈေးသည် သုံးနှစ်အတွင်း တစ်လီတာလျှင် ကျပ် ၃၅၀ ခန့်အထိ မြင့်တက်ပြီး သီတင်းနှစ်ပတ်အတွင်း၌မူ လက်လီဈေးနှုန်းသည် တစ်လီတာလျှင် ကျပ် ၂၀ မှ ၃၀ အထိနှင့် လက်ကားဈေးမှာ တစ်လီတာလျှင် ကျပ် ၃၀ မှ ၄၅ ကျပ်အထိ မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

“ဒီလိုတက်တယ်ဆိုတာလည်း အဲဒီတုန်းက Mops ဈေး(ပြည်ပဈေး) က ၉၅ (အောက်တိန်း) တစ်စည်ကို ဒေါ်လာ ၅၅၊ ၅၆ လောက်ပဲ ရှိခဲ့တာပါ။ ပြီးတော့ ငွေလဲနှုန်းကလည်း တစ်ဒေါ်လာကို (ကျပ်) ရှစ်ရာ၊ ကိုးရာလောက်ပဲ ရှိခဲ့တာပါ။ အခုက အဲဒီဈေးတွေထက် တော်တော်မြင့်သွားပြီလေ”ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စက်သုံးဆီဈေးမြင့်တက်ခြင်းသည် ပြည်ပဈေးနှင့် ငွေလဲနှုန်း ပြောင်းလဲခြင်းများကြောင့် မြင့်တက်ခြင်းဖြစ်သော်လည်း ပြည်ပဈေးနှင့် ပိုမိုသက်ဆိုင်ကြောင်း ၎င်းကရှင်းပြသည်။

ထိုသို့ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် အထွေထွေ ကုန်စည်သယ်ဆောင်ခများ မြင့်တက်ပြီး ကုန်ဈေးနှုန်း တက်ခြင်းနှင့်အတူ အငှားယာဉ်ခများလည်း ဈေးတက်ကြောင်း အဝေးပြေး ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များနှင့် အငှားယာဉ်မောင်းများထံမှ သိရသည်။

“တက္ကစီခကတော့ အရင်ကထက် ငါးရာ၊ တစ်ထောင်လောက် တက်သွားတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

စက်သုံးဆီ လက်လီဈေးသည် ဒီဇယ်တစ်လီတာလျှင် ၈၁၅ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၈၃၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၀ဝ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၈၅၀ ကျပ်နှင့် လက်ကားဈေးတွင် ဒီဇယ် တစ်လီတာလျှင် ၇၉၅ ကျပ်၊ အဆင့်မြင့် ဒီဇယ် တစ်လီတာလျှင် ၈၀၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၇၅၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၇၉၀ ကျပ်ဈေးရှိကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

ပြည်ပ စက်သုံးဆီဈေးသည် အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၇၄ ဒေါ်လာကျော်၊ အောက်တိန်း ၉၅ တစ်စည်လျှင် ၇၆ ဒေါ်လာကျော်၊ ဒီဇယ်တစ်စည်လျှင် ၈၀ ဒေါ်လာကျော်၊ အဆင့်မြင့် ဒီဇယ်တစ်စည်လျှင် ၈၀ ဒေါ်လာကျော် ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

S-04



FOLLOW US