News

POST TAGGED AS

ဒေါ်နယ်ထရမ့်

ဒေါ်နယ်ထရမ့်၏ သမ္မတ ပထမရက် ၁၀၀ မူဝါဒမိန့်ခွန်းကို ပေါ်ထွက်၊ မီဒီယာများကို တိုက်ခိုက်၊ စွပ်စွဲသူများကို တရားစွဲမည်ဟု ကြုံးဝါး
ဂတ်တီစ်ဘာ့ဂ်ျ၊ အောက်တိုဘာ ၂၂ 

ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်က သူသမ္မတ ဖြစ်လာပါက ရက် ၁၀၀ အတွင်း လုပ်ဆောင်မည့် ကိစ္စများနှင့် ပတ်သက်သည့် မူဝါဒမိန့်ခွန်းကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် သမိုင်းဝင် ဂတ်တီစဘာ့ဂ်ျမြို့တွင် ပြောကြားခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။

အမေရိကန်သမ္မတ အေဘရာဟင်လင်ကွန်း ပြည်တွင်းစစ်အလွန် အောင်ပွဲခံ မိန့်ခွန်းပြောကြားခဲ့သည့် ပင်ဆီလ်ဗေးနီးယားပြည်နယ်မှ ဂတ်တီစ်ဘာ့ဂ်ျမြို့ကို မူဝါဒ မိန့်ခွန်းပြောသည့် နေရာအဖြစ် ထရမ့်က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ 

လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်မှု စွဲချက်များ ရင်ဆိုင်နေရပြီး ပါတီတွင်း ကန့်ကွက်မှုများပါ ရင်ဆိုင်နေရသည့် ထရမ့်၏ မူဝါဒမိန့်ခွန်းတွင် မူဝါဒရေးရာများအပြင် မီဒီယာများအပေါ် ဝေဖန်မှုများနှင့် သူ့အပေါ် စွပ်စွဲထားသူများကို တရားပြန်စွဲမည်ဆိုသော သတိပေးမှုများပါ ပါဝင်ခဲ့သည်။ 

ထရမ့်က သူသာ သမ္မတ ဖြစ်လာပါက AT&T ဆက်သွယ်ရေး ကုမ္ပဏီက Time Warner မီဒီယာ လုပ်ငန်းစုကြီးကို ဝယ်ယူမည့် အဆိုပြု သဘောတူညီချက်ကို ဟန့်တားသွားမည် ဖြစ်ပြီး ယင်းမှာ သူနှင့် မဲဆန္ဒရှင်များအပေါ် မသမာမှု လုပ်နေသည့် ‘အာဏာ အဆောက်အအုံ’ ၏ နမူနာတစ်ခုပင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပုဂ္ဂိုလ်ရေး မကျေမနပ်ချက်များကို ဇောင်းပေးပြောသွားခဲ့သော်လည်း သူသာ အိမ်ဖြူတော် ရောက်ပါက အမေရိကန်ပြည်သူများ အတွက် အကျိုးရှိသည့် နည်းလမ်းဖြင့် ကိုင်တွယ်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထရမ့် ပြောသွားခဲ့သော မူဝါဒများထဲတွင် သူမကြာခဏ ကတိပြုလေ့ ရှိသော မက္ကဆီကို နယ်စပ်တွင် တံတိုင်းခတ်ပြီး တရားမဝင် ခိုးဝင်လာသူများကို ဟန့်တားရန်၊ ကုန်သွယ်ရေး သဘောတူညီချက်များ ပြန်လည်ဆွေးနွေရန်နှင့် Obamacare ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို  ဖျက်သိမ်းရန်တို့လည်း ပါဝင်ခဲ့သည်။

ဒုံရင်းဒုံရင်း အခြေအနေကို ချိုးဖျက်နိုင်မည်ဆိုသော မျှော်လင့်ချက်ကို ကိုယ်စားပြုသွားမည်ဟု ထရမ့်က ကတိပေးခဲ့သည်။ ထရမ့်၏ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြု ခံရသည်ဟု ပြီးခဲ့သည့် နှစ်ပတ်အတွင်း စွပ်စွဲခဲ့ကြသော အမျိုးသမီးများကို ထရမ့်က လူလိမ်များဟု ဝေဖန်ခဲ့ပြီး တရားစွဲသွားမည်ဟုပါ ပြောကြားခဲ့သည်။

ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန် အနိုင်ရစေရေးအတွက် မတရား ကူညီခဲ့ကြသည့် အမေရိကန် မီဒီယာ အဖွဲ့အစည်းများကို အပြစ်ပေးသွားမည်ဟုလည်း ထရမ့်က ခြိမ်းခြောက်ခဲ့သည်။
“သူတို့ ကျုပ်ရမဲ့ မဲတွေနဲ့ အမေရိကန်ပြည်သူတွေရဲ့အသံကို ဖိနှိပ်ဖို့ အသည်းအသန် ကြိုးစားနေကြတယ်” ဟု ထရမ့်က စွပ်စွဲခဲ့သည်။ 

“ကျွန်တော်တိုက်နေတဲ့ အာဏာအသိုက်အမြုံနဲ့ ပတ်သက်လို့ ဥပမာတစ်ခု ပေးရရင် AT&T က တိုင်းမ်ဝါနာနဲ့ စီအင်အင်န် သတင်းဌာနကို ဝယ်မဲ့အစီအစဉ်ပဲ။ ကျုပ်လက်ထက်မှာ ဒါမျိုးသဘောတူညီချက်ကို ခွင့်ပြုမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အာဏာတွေ အများကြီး လူနည်းစု လက်ထဲမှာ စုစည်းသွားမှာမို့လို့ပဲ” ဟု ထရမ့်က ပြောကြားခဲ့သည်။

ဆက်သွယ်ရေးကုမ္ပဏီ ATT Inc သည် CNN ရုပ်သံ အပါအဝင် ရုပ်ရှင်နှင့် ရုပ်သံလုပ်ငန်းများကို ပိုင်ဆိုင်သော Time Warner ကုမ္ပဏီကို ဒေါ်လာ ၈၅ ဘီလီယံဖြင့် ဝယ်ယူရန် မူအားဖြင့် သဘောတူညီထားပြီ ဖြစ်ပြီး တရားဝင် ကြေညာချက်ကို ထုတ်ပြန်တော့မည် ဖြစ်သည်။

၂၀၁၃ ခုနှစ်က မီဒီယာကုမ္ပဏီ NBC Universal ကို Comcast Corp ကဝ၀ယ်ယူခဲ့သည့် ကိစ္စကိုလည်း ပြန်လည်စစ်ဆေးမည်ဟု ပြောကြားခဲ့သည်။

“ဒီလိုသဘောတူညီချက်တွေက ဒီမိုကရေစီကို ဖျက်ဆီးနေတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။ သူ့ရပ်တည်ချက်မှာ အခွန်ကောက်ခံမှုနှင့် ကုမ္ပဏီများအပေါ် ထိန်းချုပ်ကန့်သတ်မှု အတတ်နိုင်ဆုံး နည်းပါးစေသည့် သမားရိုးကျ ရီပတ်ဘလစ်ကန် မူဝါဒနှင့် ကွဲလွဲနေသည်။

အွန်လိုင်း လက်လီအရောင်းလုပ်ငန်းစု Amazon.com Inc သည်လည်း အခွန်အမြောက်အမြား ပေးရမည်ဟု ထရမ့်က သတိပေးခဲ့ပြီး Amazon ၏ အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီးဇော့ဖ်သည် ထရမ့် မကောင်းကြောင်း ရေးသည့် ဝါရှင်တန်ပို့စ် သတင်းစာကိုပါ ပိုင်ဆိုင်ကြောင်းလည်း ထရမ့်က ထောက်ပြခဲ့သည်။

ချမ်းသာသည့် နယူးယောက် အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင် ရုပ်သံစတားတစ်ယောက် ဖြစ်သူ ထရမ့်က သူကိုယ်တိုင်မူ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးခဲ့မှုများကို အကြောင်းပြပြီး ၁၈ နှစ်ကြာ အခွန်ရှောင်ခဲ့ကြောင်း စွပ်စွဲခံထားရသကဲ့သို့ ထိုစွဲချက်ကိုလည်း အောက်တိုဘာလ ၉  ရက်နေ့က စကားစစ်ထိုးပွဲတွင် ဝန်ခံအသိအမှတ်ပြုခဲ့သည်။ 

ထရမ့်သည် ၁၉၉၅ ခုနှစ်က ဒေါ်လာ ၉၁၆ သန်း အရှုံးပေါ်သည်ဟု စာရင်းပြခဲ့ပြီး ၁၈ နှစ်ကြာ ဝင်ငွေခွန် မပေးဘဲ အခွန်ရှောင်ခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖွင့်ချခဲ့သည်။

ထရမ့် မိန့်ခွန်းပြောပြီးနောက်ပိုင်း ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ပစ်ဘာ့ဂ်ျတွင် ပြုလုပ်သည့် ဟီလာရီကလင်တန်၏  မဲဆွယ်ပွဲတွင် ကလင်တန်က ထရမ့်၏ မီဒီယာများအပေါ် ဝေဖန်မှုကို တုံ့ပြန်ခဲ့ပြီး သူကိုယ်တိုင်လည်း ဝေဖန်ခံရသည်သာ ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

“သူ (ထရမ့်) က ဂျာနယ်လစ်တွေ၊ နိုင်ငံသားတွေ၊ မီဒီယာတွေကို ဒီလိ ပြောနေပေမဲ့ ကျွန်မ ကိုယ်တိုင်လည်း မီဒီယာတွေရဲ့ ဝေဖန်ခံရတာပါပဲ။ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ တစ်စိတ်တစ်ဒေသလို့ ကျွန်မ ယုံကြည်ပါတယ်” ဟု ကလင်တန်က တုံ့ပြန်ခဲ့သည်။



FOLLOW US