News

POST TAGGED AS

ဒေါ်နယ်ထရမ့်

ဒေါ်နယ်ထရမ့်နှင့် အမေရိကန် ပေါ်ပြူလာဝါဒ
ပုလင်းသစ်၊ ဝိုင်အဟောင်း

ဒေါ်နယ်ထရမ့်သည် ပေါ်ပြူလာဝါဒီ ဖြစ်နိုင်သူတစ်ဦး မဟုတ်ပေ။ ရီပတ်ဘလစ်ကန် သမ္မတလောင်းသည် ပစ္စည်းဥစ္စာများစွာ အမွေဆက်ခံခဲ့သူဖြစ်ပြီး မိမိပိုင်ဆိုင်မှုများနှင့် ချမ်းသာမှုကို ကြွားဝါနေသူဖြစ်ကာ ၎င်း၏ သီးသန့်အပန်းဖြေစခန်းများ၊ ဇိမ်ခံဟိုတယ်များကြား လွန်းထိုးသွားရောက်နေသူ ဖြစ်သည်။ ထို့အပြင် ၎င်းကဲ့သို့သော ချမ်းသာသောသူများအတွက် အခွန်နှုန်းထား လျှော့ချပေးမည်ဟု ဖော်ပြထားသည့် စီးပွားရေးမူဝါဒကို လက်ကိုင်ထားသူ ဖြစ်သည်။  ပြည်သူများ၏ မကျေနပ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရန်နှင့် ၎င်းတို့၏ ထောက်ခံမှုကို ရရှိရန်မှာ ပြည်သူများ၊ ဝါဒများကြားတွင် နေရန်မလိုပေ။ အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ သန်းနှင့်ချီသည့် အမေရိကန် လူလတ်တန်းစားများ၊ လူဖြူအလုပ်သမားများ၏ ပူပင်သောက၊ အလိုမကျမှုများကို ဒေါ်နယ်ထရမ့်က ဆုပ်ကိုင်အသုံးချနေပြီ ဖြစ်သည်။

အီလစ်များကို ပုတ်ခတ်ပြီး သာမန်ပြည်သူများ၏ အကျိုးစီးပွားကို ရှေ့တန်းတင်သည့် ပထမဆုံးသော နိုင်ငံရေးသမားသည် ထရမ့် မဟုတ်ပေ။ အမေရိကန်ပြည်ထောင်စုတွင် ကွဲပြားသည့် တစ်ခါတစ်ရံ ပြိုင်ဘက်ဖြစ်နေသည့် ပေါ်ပြူလာ အစဉ်အလာရေစီး နှစ်ရပ်ရှိသည်။ ပညာရှင်များကမူ လက်ဝဲနှင့် လက်ယာ ပေါ်ပြူလာဝါဒီများဟု ခေါ်ဆိုလေ့ရှိသည်။ သို့သော်လည်း ယင်းကဲ့သို့ ခေါ်ဆိုမှုသည် အဓိပ္ပာယ်အရှိဆုံး ကွဲပြားမှုကို ဖမ်းဆုပ်နိုင်ခြင်း မရှိပေ။ ပထမ အမျိုးအစား ပေါ်ပြူလာ ဝါဒီများသည် ကော်ပိုရေးရှင်း အီလစ်များနှင့် အစိုးရအဖွဲ့တွင်းရှိ သြဇာကြီးမားသူများကို ဒေါသထွက်လျက် ရှိပြီး တိုင်းပြည်၏ မရှိမဖြစ် အလုပ်များကို လုပ်ကိုင်နေသူများအား ၎င်းတို့က သစ္စာဖောက်သွားသည်ဟု စွပ်စွဲနေကြသည်။ ၎င်းတို့သည် ဘာသာရေး၊ လူမျိုးရေးတို့အပေါ် အခြေမပြုဘဲ လူတန်းစားအပေါ် အခြေပြုပြီး လူထုဆိုသည့် ယူဆချက်ကို ထွေးပွေ့သူများ ဖြစ်သည်။ ၎င်းတို့သည် အမေရိကန်နိုင်ငံရေး လောကတွင်းရှိ ကျယ်ပြန့်သည့် လစ်ဘရယ်ရေစီးနှင့် ဆက်စပ်နေသူများ ဖြစ်ကာ လူသားအားလုံး အခြေခံအားဖြင့် ညီမျှသည်၊ ဘဝ၊ လွတ်လပ်မှုနှင့် ပျော်ရွှင်မှုကို လူသားတိုင်း ခံစားပိုင်ခွင့် ရှိသည်ဟု ခံယူသူများ ဖြစ်သည်။

ဒုတိယ ပေါ်ပြူလာဝါဒီ အမျိုးအစားတွင် ထရမ့် ပါဝင်ပြီး စီးပွားရေး လုပ်ငန်းကြီးများနှင့် အစိုးရအဖွဲ့တွင်းရှိ အီလစ်များသည် သာမန်ပြည်သူများ၏ စီးပွားရေး အကျိုးစီးပွားနှင့် နိုင်ငံရေး လွတ်လပ်ခွင့်ကို ယိမ်းယိုင်စေသူများ ဖြစ်သည်ဟု ဝေဖန်ကြသည်။ သို့သော် ဒုတိယ ပေါ်ပြူလာဝါဒီများအတွက် လူထုဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်သည် ပိုမိုကျဉ်းမြောင်းပြီး လူမျိုးရေးအရ ကန့်သတ်ထားသည်။ အမေရိကန်သမိုင်းတွင် အဆိုပါ ဝါဒီများ အလိုအရ စစ်မှန်သည့် အမေရိကန် ဆိုသည်မှာ ဥရောပအနွယ်မှ ဆင်းသက်လာသူများ ဖြစ်သည်။ ထို့အပြင် အဆင့်မြင့်ပိုင်းတွင် ရှိသည့် မိစ္ဆာအင်အားစုများနှင့် အောက်ခြေတွင်ရှိသည့် အသားမည်းများအကြား ယုတ်ညံ့သည့် မဟာမိတ်ဖွဲ့မှု ရှိနေပြီး ယင်းကြောင့် အလယ်အလတ်တွင် ရှိသည့် မျိုးချစ်လူဖြူများ အကျိုးစီးပွားနှင့် တန်ဖိုးများ အန္တရာယ် ကြုံနေရသည်ဟု ၎င်းတို့က ခံယူထားသည်။

အမေရိကန် ပေါ်ပြူလာဝါဒ နှစ်မျိုးသည် အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံရေးရာ လွှမ်းမိုးမှု တိုးပွားလာလျက် ရှိသည်။ ယင်းတို့ ပေါက်ကွဲထွက်လာခြင်းမှာ အစီအစဉ်မရှိ ပေါ်ထွက်လာခြင်း မဟုတ်ပေ။ ချမ်းသာသူများကိုသာ ဦးစားပေးသည့် စီးပွားရေးစနစ်၊ ရွှေ့ပြောင်းနေထိုင်သူသစ်များထံ အလုပ်အကိုင်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်စိတ်၊ လူများစု အကျိုးထက် ကိုယ်ကျိုးကိုသာ  ရှေ့တန်းတင်သည့် နိုင်ငံရေးသမားများ စသည့် အချက်များကို တုံ့ပြန်ရာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယင်းအချက်များကို ဖြေရှင်းရန် အထက်ဖော်ပြပါ ပြဿနာများကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။

အမေရိကန် ပထမ

အမေရိကန် ပေါ်ပြူလာ ဝါဒီများသည် ပြည်တွင်းမူဝါဒ အပေါ်ကိုသာ အဓိက အာရုံစိုက်လေ့ ရှိသူများ ဖြစ်သည်။ သို့သော် နိုင်ငံခြားရေး မူဝါဒမှာလည်း ၎င်းတို့၏ ပစ်မှတ်တွင် ပါဝင်နေလေ့ ရှိသည်။ ဥပမာအားဖြင့်  ထရမ့်သည် နေတိုး စစ်အုပ်စုကဲ့သို့သော အပြည်ပြည်ဆိုင်ရာ မဟာမိတ်ဖွဲ့မှုများကို ပြစ်တင်ပြောကြားလျက် ရှိသည်။ ပေါ်ပြူလာဝါဒီ အုပ်စုနှစ်ခုလုံးသည် အမေရိကန်တိုင်းပြည် အပေါ် နိုင်ငံခြား သြဇာလွှမ်းမိုးမှု ကြီးမားလာမည်ကို စိုးရိမ်ကြသူများ ဖြစ်သည်။ ရွှေစံချိန်စနစ်ကို အသာစီးပေးမှုသည် လူသားမျိုးနွယ်အပေါ် အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိကာ တိုက်ကြီးနှစ်ခုလုံးအပေါ် အမြစ်တွယ်လျက် ရှိသည်ဟု ၁၈၉၂ ခုနှစ်တွင် ပြည်သူ့ပါတီ (ယင်းကာလတွင်း အင်အားကောင်းခဲ့သည့် တတိယပါတီ) က သတိပေးခဲ့သည်။ ပေါ်ပြူလာ ရေစီးနှစ်ခုအနက် လူမျိုးရေး-အမျိုးသားရေး ရေစီးသည် အပြည်ပြည်ဆိုင်ရာနှင့် ပူးပေါင်းရေးကို ပိုမိုဆန့်ကျင်လေ့ ရှိသည်။ ၁၉၄၀ ပြည့်နှစ်တွင်လည်း သီးသန့်နေရေး ဖိအားပေးသည့် အုပ်စုဖြစ်သည့် အမေရိကန် ပထမ ကော်မတီသည် ဒုတိယကမ္ဘာစစ်တွင်း အမေရိကန် ဝင်ရောက်မှုကို သတိပေးခဲ့သည်။ အဆိုပါ အုပ်စုတွင် အဖွဲ့ဝင်ပေါင်း ၈၀၀,၀၀၀ ခန့်ထိရှိပြီး ကွန်ဆာဗေးတစ် စီးပွားရေးသမားများ၊ ဆိုရှယ်လစ်ဝါဒီအချို့၊ ကျောင်းသားများ ပါဝင်သည် (အနာဂတ် အမေရိကန်သမ္မတ ဖြစ်လာမည့် ယေးလ်ဥပဒေကျောင်းသား ဂျရီဖို့လည်း ပါဝင်သည်)။ သို့သော် ပုလဲဆိပ်ကမ်းကို ဂျပန်တို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက်တွင် အဖွဲ့ကို အလျင်အမြန် ဖျက်သိမ်းလိုက်ရသည်။

မကြာသေးခင် ဆယ်စုနှစ်များအတွင်း ပေါ်ပြူလာ လက်ယာပိုင်းမှ ထင်ရှားသည့်  ပုဂ္ဂိုလ်များသည် အမေရိကန်ပထမ ဆိုသည့် အချက်ကို ပြန်လည် ကိုင်စွဲလာကြသော်လည်း ဆီးမိုက်ဆန့်ကျင်ရေးကိုမူ ရှောင်ရှားခဲ့သည်။ ကမ္ဘာလုံးချီ ကေဘယ်စနစ်သည် အမေရိကန် အချုပ်အခြာ အာဏာကို ထိခိုက်စေသည်ဟု ကွန်ဆာဗေးတစ် ခရစ်ယာန်များ ညွန့်ပေါင်းအဖွဲ့ကို တည်ထောင်သူ ပတ်ရောဘတ်ဆန်က ၁၉၉၀ ပြည့်လွန်နှစ်များတွင် သတိပေးခဲ့သည်။ ယင်းနောက်နှစ် အနည်းငယ်အကြာတွင် တောင်ဘက်နယ်စပ်တွင်း ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်မှု တားဆီးရန် ပင်လယ်တံတိုင်း တည်ဆောက်ရန် ကွန်ဆာဗေးတစ် သတင်းမှတ်ချက် တင်ဆက်သူ ဘတ်ဟာမန်က ပြောကြားခဲ့သည်။ ထို့အပြင် ကမ္ဘာ့အော်ဒါသစ် တည်ဆောက်နိုင်ရေး အီရတ်နိုင်ငံကို ကျူးကျော်ရန် အမေရိကန် နီယိုကွန်တို့ ကြံစည်ခဲ့သည်ဟု ၂၀၀၃ ခုနှစ်တွင် ၎င်းက ထပ်မံစွပ်စွဲခဲ့သေးသည်။ လက်ရှိတွင်လည်း အမေရိကန် ပထမ အစီအစဉ်ကို အစိုးရအဖွဲ့ ဦးစားပေးအဖြစ် လုပ်ဆောင်မည်ဟု အမေရိကန် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ပြောကြားလျက်ရှိသည်။


ဘယ်သူ့အတွက်လဲ

ထရမ့် ရှေ့တန်းရောက်လာမှုသည် အမေရိကန် ပေါ်ပြူလာဝါဒ၏ လူမျိုးရေး- အမျိုးသားရေး ရေစီးအားကောင်းမှုကို ဖော်ပြလျက် ရှိသော်လည်း ထရမ့်၏ မဲဆွယ်စည်းရုံးမူတွင် အရေးပါသော အချက်တစ်ချက် ပျောက်ဆုံးလျက်ရှိသည်။ ထရမ့် ပြောကြားနေသည့် ပြည်သူဆိုသည်မှာ မည်သူကို ကိုယ်စားပြုသည်ကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။ ကြွယ်ဝမှုကို ခွန်အား၊ ဦးနှောက်တို့ဖြင့် ဖန်တီးခဲ့သည့် ကုန်ထုတ်လုပ်ရေး လူတန်းစားကို ပြည်သူ့ပါတီနှင့် ၎င်းတို့၏ မဟာမိတ်များက အားပေးခဲ့သည်။ ယင်းအုပ်စုတွင် စက်မှုလုပ်ငန်းမှ လခစားများ၊ လယ်သမားများ၊  ပရော်ဖက်ရှင်နယ်များ ပါဝင်သည်။ လူမည်းမုန်းတီးရေး KKK အုပ်စု အတွက်မူ ပြည်သူများ ဆိုသည်မှာ  လူဖြူခရစ်ယာန်များ ဖြစ်သည်။ ၁၉၆၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တတိယပါတီမှ ကိုယ်စားလှယ်လောင်း ဂျော့ဝဲလေ့ကမူ ၎င်းကိုယ်စားပြုနေသည့် သူများသည် ခရီးသည်တင်ကား မောင်းသူများ၊ ကုန်တင်ကား မောင်းသူများ၊ အလှဖန်တီးသူများ၊ မီးသတ်သမားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သံမဏိစက်ရုံ လုပ်သားများ၊ ပိုက်ပြင်သမားများ၊ ဆက်သွယ်ရေး လုပ်သားများ၊ ရေနံလုပ်သားများ၊ အသေးစား စီးပွားရေးသမားများဟု အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကကို ကြီးမြတ်အောင် လုပ်ဆောင်မည်ဟု ထရမ့်က ပြောကြားလျက် ရှိသော်လည်း မည်သူမည်ဝါများကို ကိုယ်စားပြုမည်ကို ထရမ့်က ရှင်းလင်းစွာ ပြောကြားခြင်း မရှိသေးပေ။ ထရမ့်၏ မိန့်ခွန်းများနှင့် ရွေးကောက်ပွဲ ဝက်ဘ်ဆိုက်တွင် တွေ့ရိုးတွေ့စဉ် အသုံးများဖြစ်သည့် ‘အလုပ်လုပ်နေသော မိသားစု’၊ ‘ငါတို့လူလတ်တန်းစား’၊ ‘အမေရိကန် ပြည်သူများ’ စသည့် အသုံးများကိုသာ တွေ့နေရသည်။ သို့သော်လည်း မက္ကစီကိုများ၊ မွတ်ဆလင်များ သို့မဟုတ် နိုင်ငံရေး ပြိုင်ဘက်များကို တိုက်ခိုက်ရာတွင် ထရမ့်သည် စွမ်းအင်နည်း ဂျက်၊ မာကိုလေး၊ မရိုးသားတဲ့ ဟီလာရီ စသဖြင့် စကားလုံး ပြောင်ပြောင်ဖြင့် ကွက်ကွက်ကွင်းကွင်း ပြောကြားလေ့ ရှိသည်။

ထရမ့်ဘက်မှ ကာကွယ်ပြောကြားရလျှင် အမေရိကန်နိုင်ငံရေးတွင် လူများစုအုပ်စု တစ်ခုတည်းကိုသာ  သီးသန့်ကွက်ပြီး  ချီးကျူးဂုဏ်ဖော်ပြောကြားရန်မှာ ပေါ်ပြူလာဝါဒီသမားများ အတွက်ရော အခြားသော နိုင်ငံရေးသမားများ အတွက်ပါ ပိုမိုခက်ခဲလာပြီ ဖြစ်သည်။ ယင်းမှာ ၁၉၆၀ ပြည့်လွန် နှစ်များမှ စတင်ပြီး အမေရိကန်ပြည်ထောင်စုသည် ယဉ်ကျေးမှုစုံ နိုင်ငံတစ်ခုအဖြစ် ပိုမိုပြောင်းလဲလာခြင်းကြောင့် ဖြစ်သည်။ လူဖြူ  မဟုတ်သူ ခရစ်ယာန် မဟုတ်သူများကို ချန်လှပ်ထားပြီး သမ္မတဖြစ်ရေး မည်သူတစ်ဦးတစ်ယောက်မျှ ကြိုးပမ်းနိုင်မည် မဟုတ်ပေ။ ထရမ့်သည်ပင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု နောက်ပိုင်းလများတွင် အာဖရိကန် အမေရိကန်များနှင့် လက်တင်နွယ်ဖွားများနှင့် ထိတွေ့နိုင်ရန့် အကန့်အသတ်ဖြင့် ကြိုးပမ်းခဲ့ရသည်။ တစ်ချိန်တည်းတွင် အမေရိကန်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်အဖြစ် ပေါ်ပြူလာဝါဒီများ သမိုင်းအစဉ်အဆက် ချီးမြှောက်လာသည့် လူဖြူအလုပ်သမား လူတန်းစားမှာ လူနည်းစု ဖြစ်လာသည်။ တိုးတက်သည့်  ပေါ်ပြူလာဝါဒီများသည်လည်း ယင်းစိန်ခေါ်မှုကို ဖြေရှင်းရန် ပျက်ကွက်လျက်ရှိသည်။ ယခုနှစ်တွင်း ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဆန်းဒါးသည် မည်သူကို ဆန့်ကျင်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သော်လည်း မည်သူကို ကိုယ်စားပြုကြောင်း မသဲမကွဲသာ ဖော်ပြခဲ့သည်။

အတိတ်ကာလများကမူ ပေါ်ပြူလာဝါဒီများသည် ၎င်းတို့၏ အခြေစိုက်ရာ အင်အားစုကို ရှင်းလင်းစွာ  သတ်မှတ်နိုင်ခြင်းကြောင့် ရှည်ကြာသည့် ညွန့်ပေါင်းအဖွဲ့ကို တည်ထောင်နိုင်ခဲ့သည်။ မဲဆန္ဒရှင်များကို ‘ကုန်ထုတ်လုပ်သူများ’၊ ‘လူဖြူလုပ်သားများ’၊ ‘ခရစ်ယာန် အမေရိကန်များ’၊ သို့မဟုတ် သမ္မတနစ်ဆင်၏ အသုံးအရဆိုလျှင် ‘အသံတိတ်နေသည့် လူများစု’ စသည်ဖြင့် ပိုင်းခြားခေါ်ဆိုခြင်းဖြင့် မိမိတို့ပါတီကို မဲပေးရန် ပေါ်ပြူလာဝါဒီများက စည်းရုံးနိုင်ခဲ့သည်။ ယနေ့ခေတ်တွင်  ဒီမိုကရက်တစ် ပါတီရော၊ ရီပတ်ဘလစ်ကန် ပါတီကပါ ယင်းကဲ့သို့သော စည်းရုံးမှုမျိုး မလုပ်ဆောင်နိုင်ပေ။ ယင်းကြောင့် အဓိကပါတီများကို ပြည်သူများ မလိုလားခြင်း ဖြစ်သည်။ ပြည်သူများဆိုသည့် အသုံးအနှုန်းကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုလျှင် ခက်ခဲမည် ဖြစ်သော်လည်း ရည်မှန်းချက် ကြီးများသည့် ပေါ်ပြူလာဝါဒီများသည် ယင်းကဲ့သို့ ဖွင့်ဆိုရန် ကြိုးပမ်းလာနိုင်သည်။

အကြောက်တရားနှင့် ကစားခြင်း

အိမ်ဖြူတော်ကို အောင်နိုင်ရေး ထရမ့် အတော်ရုန်းကန်ရမည် ဖြစ်သည်။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်သည့် ဟီလာရီအပေါ် ပြည်သူများ ယုံကြည်မှုကင်းမဲ့ကာ သူမ၏ စကားပြောဟန် မကောင်းသော်လည်း ၎င်း၏ပြိုင်ဘက် ထရမ့်မှာ လူနည်းစုအုပ်စုများနှင့် လူပုဂ္ဂိုလ်များကို ဆိုးဆိုးရွားရွား ဝေဖန်ပြောကြားသူ၊ နိုင်ငံပြုပုဂ္ဂိုလ်ဆိုသည့် အရည်အချင်းကင်းမဲ့သူ အဖြစ် နာမည်ကျော်လျက် ရှိသည်။ ထို့ကြောင့် ထရမ့်၏ မဲဆွယ်မှု ကြွေးကြော်သံသည် ‘အမေရိကန်ကို မုန်းတီးအောင် ထပ်လုပ်စို့’ ဟူ၍သာ ဖြစ်သင့်သည်။ အကောင်းမြင်မှုနှင့် ပွင့်လင်းမှုတို့ကို ဂုဏ်ယူသူများ နေထိုင်ရာ တိုင်းပြည်တစ်ခုတွင် ယင်းကဲ့သို့သော အဆိုးမြင်မှုသည်  သမ္မတဖြစ်ရေး ကောင်းမွန်သည့် မဟာဗျူဟာ မဟုတ်ပေ။ ထို့အပြင် နိုင်ငံအဆင့် လုပ်ငန်းစဉ်များတွင် လူမျိုးရေး အမျိုးသားရေးဝါဒကို ပွင့်ပွင့်လင်းလင်း ကျင့်သုံးမှုကို လက်မခံနိုင်မည် မဟုတ်ပေ။

သို့သော် ထရမ့်ကို ယုံယုံကြည်ကြည် ထောက်ခံခဲ့ကြသူများ၏ စိုးရိမ်မှုနှင့် ဒေါသကို လျစ်လျုမှုသည်လည်း ရူးသွပ်မှုပင်ဖြစ်သည်။ ယင်းကဲ့သို့သော စိတ်ပါလက်ပါ လိုလားထောက်ခံမှုမျိုး ဆယ်စုနှစ်များစွာအတွင်း မည်သည့် အမေရိကန်သမ္မတလောင်းမျှ ရရှိခြင်း မရှိပေ။ ‘လူများအစုလိုက် အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်မှု တားဆီးမည့်၊ အမေရိကန် အလုပ်များကို အမေရိကန်  အလုပ်သမားများထံ ပြန်ယူလာမည့်၊ အမေရိကန် ခရစ်ယာန် အမွေအနှစ်ကို ထိန်းသိမ်းမည့်၊ အစ္စလာမ္မစ် ခြိမ်းခြောက်မှုကို တားဆီးပေးမည့်’ ပါတီကို ထောက်ခံမည်ဟု လူဖြူအမေရိကန် ၆၅ ရာခိုင်နှုန်း သို့မဟုတ် လက်ရှိ လူဦးရေ၏ ငါးပုံနှစ်ပုံက ဖြေကြားထားကြောင်း မကြာသေးခင်က ကောက်ယူထားသည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ 

သို့သော် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ကန့်သတ်ခြင်း၊ စစ်မှန်သည့်  လုပ်အားခ ပေးခြင်းဖြင့် အလုပ်အကိုင် လုံခြုံမှု ဖန်တီးပေးခြင်း စသည့် နည်းလမ်းများကို အမေရိကန် နိုင်ငံရေးပါတီကြီးနှစ်ရပ် မကျင့်သုံးသရွေ့ အမေရိကန် ပြည်သူများသည် မလိုမုန်းတီးမှုကို ရှေ့တန်းတင်သည့် နိုင်ငံရေးသမားများကို ဆက်လက်ကြိုဆိုနေဦးမည် ဖြစ်သည်။ ထရမ့်သာ ရှုံးနိမ့်သွားပါက နိုင်ငံရေးရာထူး ရရှိရေး ထပ်မံယှဉ်ပြိုင်မည့် ပုံမပေါ်ပေ။ သို့သော် ထရမ့် အမြတ်ထုတ်  အသုံးချခဲ့သည့် ပေါ်ပြူလာဝါဒ အစဉ်အလာ ဆက်လက်ကျန်ရှိနေဦးမည် ဖြစ်သည်။

လိုအပ်သော မိစ္ဆာ

အကောင်းဘက်မှကြည့်လျှင် ပေါ်ပြူလာဝါဒသည် ဒီမိုကရေစီကို အန္တရာယ် ဖြစ်သေည် မဟုတ်ဘဲ ခိုင်မာအားကောင်းစေမည့် ဝါဒဖြစ်သည်။ ပြည်သူ့ပါတီ လှုပ်ရှားမှုများကြောင့် တိုးတက်သည့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်သည့် ဝင်ငွေခွန်၊ ကော်ပိုရေးရှင်း စည်းမျဉ်းတို့ ပေါ်ပေါက်လာပြီး ၂၀ ရာစုနှစ်  အတွင်း အမေရိကန်ပြည်ထောင်စုကို လူသားဆန်သည့် လူ့အဖွဲ့အစည်းတစ်ရပ် အဖြစ်  ပေါ်ထွန်းစေခဲ့သည်။ ဒီမိုကရက်တစ်များသည် ပေါ်ပြူလာဝါဒီများ တောင်းဆိုချက်ကို အသုံးပြုပြီး လစ်ဘရယ် အရင်းရှင်အော်ဒါကို ဖန်တီးခဲ့ကြသည်။ ယင်းအော်ဒါတွင် လိုအပ်ချက်များ ရှိမည်ဖြစ်သော်လည်း အမေရိကန် နိုင်ငံသား အနည်းစုကသာ ယင်းအော်ဒါဖြိုချရေး လိုလားမည ဖစ်သည်။ တစ်နေ့ အလုပ်ချိန် ၈ နာရီ တောင်းဆိုမှုများကို အချို့သော ပေါ်ပြူလာဝါဒီများက ထောက်ခံခဲ့ကြပြီး နောက်ဆုံးတွင် နိုင်ငံတွင်းရှိ အလုပ်သမား အားလုံးကို အကျိုးဖြစ်ထွန်းစေခဲ့သည်သာ ဖြစ်သည်။

ယင်းကောင်းကျိုးဖြစ်ထွန်းစေခဲ့သည့် ပေါ်ပြူလာဝါဒတွင် ထိန်းချုပ်ရန် ခက်ခဲသည့် အတိတ်ရှိခဲ့သည်။ လူမျိုးရေးခွဲခြားမှု ဝါဒီများနှင့် အာဏာရှင် ဖြစ်လာနိုင်သူများသည် ပေါ်ပြူလာဝါဒကို အသုံးချခဲ့ကြသည်။ သို့သော် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွင် အပေါ်ယံ ကတိပေးခဲ့သည့် နိုင်ငံရေးသမားများ တန်းတူညီမျှမှု၊ ဒီမိုကရေစီ အုပ်ချုပ်မှု စသည့် အိုင်ဒီယာများကို တာဝန်ခံ အကောင် အထည်ဖော်ရေး တောင်းဆိုရာတွင် ပေါ်ပြူလာဝါဒထက် ပိုမိုအားကောင်းသည့် နည်းလမ်းကို အမေရိကန် နိုင်ငံသားများ ရှာမတွေ့သေးချေ။ ပေါ်ပြူလာဝါဒသည် အန္တရာယ် များနိုင်သော်လည်း လိုအပ်သည့် ဝါဒတစ်ခု ဖြစ်သည်။ “အာဏာရှိသူတွေ၊ အခွင့်အရေး ရနေသူတွေရဲ့ ထိုင်ခုံကို ကိုင်လှုပ်ပေးမယ့် အနာဂတ် ကသောင်းကနင်း ကာလနဲ့ ဒီမိုကရေစီ အားကောင်းမောင်းသန် ဖြစ်ရေး လိုအပ်တဲ့ ကုထုံးတွေ အချိန်အားလျော်စွာ ပေါ်ထွက်လာဖို့ လူတိုင်းက မျှော်လင့်တမ်းတနေကြတာပဲ” ဟု သမိုင်းပညာရှင် ဗန်ဝုဝက်က ပေါ်ပြူလာဝါဒကို ရှုတ်ချသည့် ပညာရှင်များကို တုံ့ပြန်ပြီး ၁၉၅၉ ခုနှစ်တွင် ရေးသားထားသည်။

ကိုးကား- Foreign Affairs
ချမ်းမြေ့



FOLLOW US