News

POST TAGGED AS

ဒေါ်နယ်ထရမ့်

သတင်းမီဒီယာကောင်စီဝင်အဖြစ် ကိုယ်စားလှယ် ၂၆ ဦး ရွေးချယ်တင်မြှောက်ခံရ


ရန်ကုန်၊ ဩဂုတ် ၁၈

သတင်းမီဒီယာအခန်းကဏ္ဍ အခက်အခဲများကို နိုင်ငံတော်အဆင့်ဖြေရှင်းပေးမည့် သတင်းမီဒီယာကောင်စီဝင် ကိုယ်စားလှယ် ၂၆ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟစောက ပြောကြားသည်။

ကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၈ ရက် ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ် ၅၁ ဦးရှိခဲ့သည်။

“ဒီနှစ်ရွေးချယ်ပွဲက ဒီမိုကရေစီဆန်လာတယ်။ ပိုပြီးအားကောင်းလာတယ်လို့ မြင်တယ်။ ရွေးချယ်ပွဲမှ အဖွဲ့အစည်းတွေ၊ အေဂျင်စီတွေ ပါပါလာတယ်။ အရင်သက်တမ်းတုန်းက အမျိုးသမီးတစ်ဦးတည်းပါတယ်။ ဒီနေ့ရွေးကောက်ပွဲမှာ အမျိုးသမီးလေးဦး ပါလာတယ်။ ဒါက ကောင်းတဲ့လက္ခဏာပေါ့။ စိတ်ဝင်စားလာတယ်။ လက်ရှိ မီဒီယာကဏ္ဍက အခြေအနေမကောင်းဘူး၊ သတင်းသမားတွေကို ကာကွယ်ပေးနိုင်မယ့် ကိုယ်စားလှယ်တွေ အများကြီးပါလာတယ်”ဟု ဦးသီဟစောက ပြောသည်။

ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များကို ကန့်ကွက်လိုသူများအနေနှင့် ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ပြီး ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ၁၅ ရက်အတွင်း ပြန်လည်ဖြေရှင်းပေးပြီးနောက် ကောင်စီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး ရွေးချယ်မှုကို စက်တင်ဘာလတွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါရွေးချယ်ခံရသူ ၂၆ ဦးအပြင် နိုင်ငံတော်သမ္မတက အဆိုပြုသူတစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသူ တစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က အဆိုပြုသူ တစ်ဦးအပါအဝင် ကောင်စီတွင် ကိုယ်စားလှယ် ၂၉ ဦးရှိ လာမည်ဖြစ်သည်။ 

လက်ရှိတွင် သတင်းမီဒီယာသမားများက အဆိုပြုကိုယ်စားလှယ် ခုနစ်ဦး၊ သတင်းမီဒီယာအဖွဲ့အစည်းများက ကိုယ်စားလှယ်ငါးဦး၊ တစ်ဦးချင်းကိုယ်စားလှယ်က သုံးဦး၊ သတင်းအေဂျင်စီ ကိုယ်စားလှယ်ကတစ်ဦး၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေသူများ အသင်းကတစ်ဦး၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်းက တစ်ဦး၊ စာရေးဆရာအဖွဲ့အစည်းက ကိုယ်စားလှယ်နှစ်ဦး၊ ကာတွန်းသရုပ်ပြ အဖွဲ့အစည်းများက ကိုယ်စားလှယ်တစ်ဦး၊ လူမှုရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု ဥပဒေရေးရာ၊ ကျွမ်းကျင်ပညာရှင်များက ကိုယ်စားပြုသူ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဒေါက်တာမျိုးသန့်တင်၊ ပါမောက္ခ ဒေါက်တာမြင့်မောင်မောင်၊ ဦးကျော်ဇေယျ၊ ဦးသွင်လင်းအောင်တို့ ရွေးချယ်ခံရသည်။

ထို့အပြင် တစ်ဦးချင်းကိုယ်စားလှယ် အဖြစ် ၂၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဦးကျော်မင်းဆွေ ၂၂ မဲ၊ ဦးဇေယျာလှိုင် ၂၂ မဲ၊ ဦးလှိုင်းသစ်ဇင်ဝေ (ခ) သာလွန်ဇောင်းထက်က ၁၈ မဲဖြစ် ကောင်စီဝင်အဖြစ် ရွေးချယ်ခံရသည်။

တစ်ဦးချင်းကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ကိုသာလွန်ဇောင်းထက်က “အရင်ဆုံး သတင်းသမား ၂ ဦး ဖမ်းခံရတဲ့ကိစ္စကို အရင်ဆုံးလုပ်မယ်။ နောက်ပြီး သတင်းသမားမီဒီယာတွေ နှိပ်ကွပ်ခံနေရတဲ့ ကိစ္စတွေကို လုပ်မယ်။ အခုမှ သတင်းမီဒီယာ ကောင်စီဝင်အဆင့်ပဲ ရှိသေးတယ်။ လတ်တလော ဦးစားပေး ဒီကိစ္စတွေကိုလုပ်မယ်”ဟု ဆိုသည်။

ယခုကျင်းပမည့် သတင်းမီဒီယာကောင်စီ ရွေးချယ်တင်မြှောက်ပွဲသည် ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး သက်တမ်းမှာ သုံးနှစ်ဖြစ်သည်။

J-18




FOLLOW US