News

POST TAGGED AS

ဒေါ်နယ်ထရမ့်

လူဝင်မှုကြီးကြပ်ရေး သဘောတူညီချက်မရပါက အစိုးရယန္တရား ရပ်ဆိုင်းသည်ကို ပိုသဘောကျကြောင်း ထရမ့်ပြောကြား


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈

ရွှေ့ပြောင်းအခြေချမှုများကို ကိုင်တွယ်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်၍ လွှတ်တော်တွင် သဘောတူညီချက်မရပါက အစိုးရယန္တရားရပ်ဆိုင်းသည်ကိုသာ သဘောကျကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

“ကျုပ်တို့မပြောင်းလဲနိုင်ရင်တော့ အစိုးရယန္တရား ရပ်ဆိုင်းပါစေပေါ့။ အစိုးရယန္တရားကို ရပ်ဆိုင်းပစ်မှာ။ ဒါတိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပဲ”ဟု ထရမ့်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့အစောပိုင်းကလည်း သမ္မတရုံးအဖွဲ့မှူးက ထရမ့်သည် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသော အရွယ်မရောက်သေးသူများအတွက် ဥပဒေအရ အကာအကွယ်ပေးထားမှုကို သက်တမ်းထပ်တိုးပေးဖွယ်မရှိကြောင်း ပြောကြားထားသည်။

Dreamers ဟု ထင်ရှားသည့် အမေရိကန်သို့ ကလေးဘဝက တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူများကို အရေးမယူဘဲ ကာကွယ်ပေးထားသည့် အစီအစဉ်မှာ မတ်လ ၅ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ ဒေါ်နယ်ထရမ့်သာ သက်တမ်းမတိုးပါက ထိုသူများကို ထိန်းသိမ်းခြင်း၊ နေရပ်ပြန်ပို့ခြင်းကဲ့သို့သော ကိစ္စများ ဖြစ်လာမည်ဖြစ်သည်။

ယင်းအချက်ကြောင့် ဒီမိုကရက်တို့ဘက်က Dreamers များအတွက် ကာကွယ်စောင့်ရှောက်မည့် အစီအစဉ်တစ်ရပ် တောင်းဆိုနေကြခြင်းဖြစ်ပြီး ယင်းသို့သော အစီအစဉ်မပါဝင်ပါက ဘတ်ဂျက်ကို အတည်မပြုပေးဘဲ တင်းခံနေခြင်းဖြစ်သည်။

သမ္မတထရမ့်နှင့် ရီပတ်ဘလစ်ကန်များကမူ မက္ကဆီကို နယ်စပ်တွင် တံတိုင်းဆောက်ခြင်းအပါအဝင် လူဝင်မှုကြီးကြပ်ရေး တင်းတင်းကျပ်ကျပ်ကိုင်တွယ်မည့် အစီအစဉ်များကို ဘတ်ဂျက်တွင်ထည့်သွင်းရန် လိုလားနေကြသည်။ ယင်းအတွက် အပြန်အလှန် အလျှော့ပေးသည့်ပုံစံမျိုးဖြင့် အစောပိုင်းတွင် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေသောကြောင့် ဘတ်ဂျက်ကိစ္စ မပြေမလည်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်အပတ်ကလည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး သဘောကွဲလွဲသောကြောင့် ဆက်လက်လည်ပတ်ရေးဆုံးဖြတ်ချက် (Continuing Resolution-CR) ဟုခေါ်သော ဘတ်ဂျက်အတည်မပြုနိုင်မီ ယာယီအသုံးစရိတ် ချထားရေးလွှတ်တော်တွင် အတည်မပြုနိုင်ခဲ့ဘဲ အစိုးရယန္တရား ရပ်ဆိုးခဲ့ရသည်။

စုဖွဲ့အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အိမ်ဖြူတော်ဥပဒေ စိုးမိုးရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် စကားပြောရာတွင် ထရမ့်က “ဥပဒေပြုမှုမှာ မပြောင်းလဲနိုင်ရင်၊ ကျုပ်တို့တိုင်းပြည်ထဲကို လူသတ်သမားတွေ ဝင်ရောက်ခွင့်၊ ဆက်လက် သတ်ဖြတ်ခွင့်ပေးထားတဲ့ လစ်ကွက်ဟာကွက်တွေကို ဖယ်ရှားလို့ မရဘူးဆိုရင်၊ ဒါတွေကို ကျုပ်တို့မပြောင်းလဲနိုင်ဘူးဆိုရင်၊ အစိုးရယန္တရား ရပ်ဆိုင်းပါစေပေါ့”ဟု ထရမ့်က ပြောကြားခဲ့သည်။

“ဒီကိစ္စကို မကိုင်တွယ်နိုင်ဘူးဆိုရင် ယန္တရားရပ်ဆိုင်းတာကို ပိုသဘောကျတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

အထက်လွှတ်တော်ဒီမိုကရက်တစ် လူနည်းစုခေါင်းဆောင် ချက်ရှူမာက ထရမ့်၏မှတ်ချက်က သူ့သဘောသူဆောင်ပြီး အစိုးရယန္တရားရပ်ဆိုင်းရသည်မှာ ဘယ်သူ့ကြောင့်ဆိုသည်ကို သက်သေပြနေကြောင်း ဝေဖန်ခဲ့သည်။

“ကျွန်တော်တို့ ထရမ့်ကြောင့် အစိုးရယန္တရား တစ်ကြိမ်ရပ်ဆိုင်းခဲ့ပါပြီ။ ဘယ်သူမှ နောက်တစ်ကြိမ် ထပ်မကြုံချင်ဘူး၊ သူက လွဲလို့ပေါ့”ဟု ရှူမာက ဝေဖန်ခဲ့သည်။

သို့သော်လည်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်းဒါးစ်ကမူ သမ္မတသည် အစိုးရယန္တားရပ်ဆိုင်းရေး လှုံ့ဆော်နေသည်မဟုတ်ဘဲ ရေရှည်သဘောတူညီချက်တစ်ရပ်နှင့် ရွှေ့ပြောင်းအခြေချမှု ဆိုင်ရာမူဝါဒတစ်ရပ်ကို လိုလားခြင်းသာဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။

လွန်ခဲ့သည့်တစ်ရက်ကလည်း NFL အမေရိကန်ဘောလုံးအားကစားသမားတစ်ဦး ကားတိုက်ခံရသောကြောင့် သေဆုံးမှုတွင် ယာဉ်မောင်းသူမှာ တရားမဝင် ဝင်ရောက်လာသူဖြစ်သည်ဆိုသောအချက်ကို ထရမ့်က ထောက်ပြပြီး လူဝင်မှုကြီးကြပ်ရေးမူဝါဒ ပြောင်းလဲရန် ထပ်မံဆော်ဩခဲ့သည်။

အစိုးရ ရသုံးမှန်းခြေစာရင်း (ဘတ်ဂျက်) သစ် မချထားနိုင်မီ ဆက်လက်လည်ပတ်ရေး ဆုံးဖြတ်ချက် (CR) ဖြင့် ပြီးခဲ့သည့်လက ယာယီအသုံးစရိတ် ချထားပေးခဲ့မှုမှာ နောက်နှစ်ရက်အကြာတွင် ကုန်ဆုံးတော့မည်ဖြစ်သည်။

ယခုအခါ နောက်ထပ်အလားတူ တစ်လစာ CR ချပေးရန် အောက်လွှတ်တော်တွင် သဘောတူလိုက်ပြီဖြစ်သော်လည်း အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရဦးမည်ဖြစ်သည်။

F-03



FOLLOW US