News

POST TAGGED AS

ဒေါပုံ

ဒလတံတား ဒီဇိုင်းပြန်လည်ပြင်ဆင်ရသောကြောင့် နိုဝင်ဘာတွင် စဆောက်မည်
ရန်ကုန်၊ ဩဂုတ် ၃၀

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ရန်ကုန်-ဒလ မြစ်ကူးတံတားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလက်ရှိတွင် ကမ်းပါးနှစ်ဖက်၏ တံတားရေလယ်တိုင်အကွာအဝေးကို ၃၂၀ မီတာမှ ၃၇၀ မီတာ ပြန်လည်ချဲ့သည့်အတွက် ဒီဇိုင်းပုံစံကို ပြန်လည်ဆောင်ရွက်နေရသောကြောင့် နှစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 “ရေလယ်တိုင်ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက တွက်ချက်ထားတဲ့ ၃၇၀ မီတာနဲ့ဆောက်လုပ်ဖို့ အတည်ပြုတဲ့အတွက် တံတားဒီဇိုင်း ပြန်လည်ပြင်ဆင်တည်ဆောက်ရာမှာ လိုအပ်တဲ့ ဒေါ်လာ သန်း ၂၀ ကိုရီးယားချေးငွေကို ရရှိဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ချေးငွေရတာနဲ့ အမြန်ဆုံးတည်ဆောက်သွားမယ်”ဟု ၎င်းက ဆိုသည်။

ယခုလက်ရှိတွင် တံတားဒီဇိုင်း ပြန်လည်ပြင်ဆင်တည်ဆောက်ရေးအတွက် လိုအပ်သည့် ချေးငွေဒေါ်လာ သန်း ၂၀ ရရှိရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီယားသံရုံး၊ ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်ဆိပ်ကမ်းကို ရန်ကုန်မြစ်ဝ ထိပ်သို့ရွှေ့ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားပြီး မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားကိုလည်း ၂၀၂၀-၂၀၂၁ တွင် စတင်သွားလာနိုင်ရန် ပြင်ဆင်လျက်ရှိကာ တံတား စတင်တည်ဆောက်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ယခုလအတွင်း ပြောကြားထားသည်။

ဒလတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလတွင် ခြံစည်းရိုးစတင်ကာရံ၍ တည်ဆောက်ရေးလုပ်ငန်းများကို စတင်သွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန်-ဒလ မြစ်ကူးတံတားကို ၄ လမ်းသွား၊ သံမဏိကြိုးဆိုင်းအမျိုးအစားနှင့် တံတားအရှည်မှာ ၆၁၄၄ ပေရှည်လျားမည်ဖြစ်ပြီး အမြင့် ၄၉ မီတာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဒလတံတားစီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံမှ ပထမသတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းအပြင် ဒီဇိုင်းပြင်ဆင်တည်ဆောက်ရာတွင် လိုအပ်သည့် ဒေါ်လာ သန်း ၂၀ ကို ကိုရီးယားနိုင်ငံမှ ချေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းကို မြန်မာအစိုးရဘက်က စိုက်ထုတ်ကာ တည်ဆောက်သွားမည်ဖြစ်သည်။

ဒလတံတား အမြန်ဆုံးတည်ဆောက်ရေးအတွက် ဒလမြို့နယ်တွင်နေထိုင်သည့် ဒေသခံပြည်သူများက ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၇ ရက်တွင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

J-10



FOLLOW US