News

POST TAGGED AS

ဒေါပုံ

22-Aug-2018

တံတား ဒေါပုံ
ဒေါပုံတံတားသစ် ဩဂုတ် ၂၅ ရက် ဖွင့်မည်
ရန်ကုန်၊ ဩဂုတ် ၂၁

ဒေါပုံနှင့်မင်္ဂလာတောင်ညွန့်မြို့နယ်တို့ကို ဆက်သွယ်ကာ ဂျပန်နိုင်ငံ နည်းပညာဖြင့် တည်ဆောက်ထားသော ဒေါပုံတံတားကို ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါပုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်မှ သိရသည်။

အဆိုပါ ဒေါပုံတံတားသစ် ဖွင့်လှစ်ရာတွင် ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီတွင် ဖွင့်ပွဲအစမ်းလေ့ကျင့်စဉ် အချိန်အတွင်း ယမုံနာလမ်းမကြီး မဟာဗန္ဓုလ တံတားထိပ်မှစ၍ ဒေါပုံတံတားထိပ်ထိ ယာဉ်ကြော ခေတ္တပိတ်ထားမည်ဖြစ်ပြီး ဖွင့်ပွဲကျင်းပမည့် ဩဂုတ်လ ၂၅ ရက်၊ နံနက် ၆ နာရီခွဲမှ နံနက် ၁၀ နာရီအထိ ယမုံနာလမ်းမကြီး မဟာဗန္ဓုလတံတား ထိပ်မှစ၍ ပုဇွန်တောင်ဈေး၊ မင်္ဂလာဈေးနှင့် စက်ဆန်း အသွားအပြန် ယာဉ်ကြောများကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

“ဩဂုတ် ၂၄ ရက်နေ့၊ ည ၇ နာရီမှာ ဒေါပုံမြို့နယ်ပြည်သူတွေက ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ လုပ်မယ်။ ဖွင့်ပွဲကို ၂၅ ရက်နေ့ မနက် ၈ နာရီစဖွင့်မယ်။ ဖွင့်ပွဲက ဒေါပုံဘက်ခြမ်းမှာပဲ လုပ်သွားမယ်”ဟု လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်က ဆိုသည်။

ဒေါပုံတံတားသစ်ကို ဇွန်လ ၁၀ ရက် မနက် ၇ နာရီက စတင်ပြီး ယာယီဖွင့်လှစ်ခဲ့ပြီး ယာဉ်များသွားလာရ လွယ်ကူရန် လေးလမ်းသွားတံတားကို အသွားအပြန် တစ်လမ်းစီ ယာယီဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် ဖွင့်ပွဲနေ့မှစတင်ကာ ယာဉ်သွားလမ်း လေးလမ်းစလုံး ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

တံတားသစ်ဖွင့်လှစ်သည့်အတွက် ယင်းတံတားဘေးတွင် ၁၉၆၇ ခုနှစ်က စတင်ဖွင့်လှစ် အသုံးပြုခဲ့သည့် နှစ်ပေါင်း ၅၀ သက်တမ်းရှိ သာကေတတံတားဟောင်းမှာ ခံနိုင်ရည်ကျဆင်းလာသည့်အတွက် ဇူလိုင်လ ၁၀ ရက်က ပိတ်သိမ်းခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

တံတား၏ ယာဉ်ခံနိုင်ဝန်အားက ၄၅ တန်မှ တန် ၆၀ အထိ ဖြတ်သန်းနိုင်မှာဖြစ်ပြီး လေးလမ်းသွားတံတားဖြစ်ကာ ကားလမ်းဘေးတွင် တစ်ဖက်လျှင် နှစ်မီတာအကျယ်အဝန်းရှိ လူသွားလမ်း ပလက်ဖောင်းအသွား၊ အပြန်ပါရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနထံမှ သိရသည်။

ဒေါပုံတံတားသစ်ကို ယန်းငွေ ၄၂၁၆ သန်းသုံး၍ ဂျပန်နိုင်ငံ၏ အကူအညီ အထောက်အပံ့ငွေဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်းနှင့် တံတားအရှည်မှာ ပေ ၈၃၀ (၂၅၃ မီတာ) ရှိပြီး ၂၁ ဒသမ ၅ မီတာကျယ်ကာ ကြိုတင်အားဖြည့် သံကူ ကွန်ကရစ်ကြိုးဆိုင်းတံတား (Cable Stayed Extra - Dosed Bridge) အမျိုးအစားဖြစ်သည်။

J-10



FOLLOW US