News

POST TAGGED AS

ဒေါက်တာအေးမောင်

မောင်တော အဝေးသင်ဌာနခွဲတွင် ကျောင်းတက်မည့်သူ ၂၀ ကျော်ရှိ
စစ်တွေ၊ ဩဂုတ် ၂ 

ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ဘင်္ဂါလီလူမျိုးများ ပညာသင်နိုင်ရန် ဖွင့်လှစ်မည့် အဝေးသင်ဌာနတွင် တက်ရောက်ရန်အတွက် ကျောင်းသား ၂၀ ကျော်ကို လက်ခံထားကြောင်း စစ်တွေတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်ထံမှသိရသည်။

အဆိုပါဌာနခွဲတွင် တက်ရောက် ပညာသင်ကြားရန်အတွက် လျှောက်လွှာများကို မောင်တောခရိုင် ပညာရေးမှူးရုံးတွင် လက်ခံနေပြီး စစ်တွေတက္ကသိုလ်က လျှောက်ထားသူ ၄၀ ဦးကို စိစစ်ရာတွင် ၃၉ ဦး တက်ရောက်ခွင့်ရှိသော်လည်း လတ်တလောတွင် ၂၀ ကျော်သာ ကျောင်းဝင်ကြေး ပေးသွင်းသေးကြောင်း ၎င်းကရှင်းပြသည်။

“သူတို့ရဲ့နာမည်တွေ၊ သူတို့ရဲ့ အချက်အလက်တွေမှန်လား၊ သူတို့ခုံနံပါတ်တွေ၊ နဂိုတုန်းက ကျောင်းအပ်ထားလား၊ ကျောင်းတစ်ပိုင်းတစ်စလား။ အဲဒါတွေ အကုန်ပြန်စစ်ရတယ်။ မှတ်ပုံတင်တို့ ဘာတို့ကျတော့ လမ်းညွှန်ထဲမှာပါတဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းပေါ့၊ လက်ခံတာတော့ ပြန်ဝင်လာတဲ့သူတွေ ရှိနိုင်တယ်။ အတတ်နိုင်ဆုံး လက်ခံပေးနေရတာပေါ့၊ ဘယ်နေ့ရယ်လို့တော့ မသတ်မှတ်နိုင်သေးဘူး၊ ရသမျှကို လက်ခံပေးနေပါတယ်”ဟု ဒေါက်တာ ဝင်းနိုင်ကဆိုသည်။

ကျောင်းဝင်ကြေး ပေးသွင်းပြီးသူများကို စာအုပ်စာတမ်းများ မကြာမီ ဖြန့်ဝေပေးမည်ဖြစ်ပြီး မောင်တောခရိုင် ပညာရေးမှူးရုံးတွင် ကျောင်းလက်ခံရန်အတွက်လည်း စစ်တွေတက္ကသိုလ်မှ ဝန်ထမ်းနှစ်ဦးကို စေလွှတ်ထားကြောင်း၊ လက်ရှိ ကျောင်းလက်ခံမှုများကိုလည်း ဆက်လက်စိစစ်ရန် ကျန်နေသေးကြောင်း ၎င်းထံမှသိရသည်။

အဆိုပါဌာနခွဲတွင် ယခင်က တက္ကသိုလ်တက်ရောက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာရေး ပြတ်တောက်ကာ ပြန်လည်မတက်ရောက်နိုင်သူများကို ၂၀၁၈ ခုနှစ် ပညာသင်နှစ်မှစ၍ မြန်မာစာနှင့် သမိုင်းဘာသာရပ်ကို မောင်တော ခရိုင်ပညာရေးမှူးရုံး၌ အဝေးသင်ဌာနခွဲ ဖွင့်လှစ်ကာ သင်ကြားပေးမည်ဖြစ်ကြောင်း၊ ကျောင်းသားများ၏ အနီးကပ် သင်တန်းကို ရန်ကုန်နှင့်စစ်တွေမှ ဆရာ၊ ဆရာမတို့က ပို့ချကာ စာမေးပွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ထံမှသိရသည်။

၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပြီးနောက် စစ်တွေတက္ကသိုလ်၌ တက်ရောက်နေသော သံတွဲမြို့နယ်၊ မောင်တောခရိုင် စသည့်တို့ မှ ဘင်္ဂါလီလူမျိုးများမှာ ကျောင်းမတက်နိုင်တော့သဖြင့် ၂၀၁၄ ခုနှစ်မှစ၍ တက္ကသိုလ် ဆရာ၊ ဆရာမများက နီးစပ်ရာ ကျောင်းများတွင် အနီးကပ်သင်တန်းများ ပို့ချသင်ကြားကာ စာမေးပွဲစစ်ဆေးပေးခဲ့သည်။

၂၀၁၈ ခုပညာသင်နှစ်အတွက် အဝေးသင်တက်ရောက်ရန် သံတွဲမြို့နယ်အတွင်းမှ ဘင်္ဂါလီ ၁၈ ဦးနှင့် စစ်တွေမြို့ရှိ သက္ကယ်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းမှ ၁၆ ဦး ကျောင်းအပ်ထားပြီဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ထံမှသိရသည်။

R-22



FOLLOW US