News

POST TAGGED AS

ဒေါက်တာအေးမောင်

ဒေါက်တာအေးမောင်အမှု တရားလိုပြသက်သေ ရဲတပ်သားကိုစစ်ဆေး

စစ်တွေ၊ ဇူလိုင် ၂၄

နိုင်ငံတော် သစ္စာဖောက်မှု အပါအဝင် ပုဒ်မ ၃ခုဖြင့် တရားစွဲခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ဇူလိုင်လ ၂၃ ရက်က စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ဒုတပ်ကြပ် ဝင်းနိုင်ကို စစ်ဆေးခဲ့သည်။ 

စစ်ဆေးရာတွင် ဒုတပ်ကြပ်ဝင်းနိုင်က ၎င်းမှာ နယ်ထိန်းတစ်ဦးဖြစ်ပြီး စာပေဟောပြောပွဲသို့ သွားရောက် နားထောင်ခဲ့ပြီး ကြေးနန်းပို့ရန် မှတ်တမ်းမှတ်ရာများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအပြင် တိုင်တန်းချက်တွင်ပါဝင်သည့် အချက်များကို ထွက်ဆိုခဲ့ကြောင်း ဒေါက်တာအေးမောင်၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ညွှန့်မောင်က ရှင်းပြသည်။ 

“သူတို့ထွက်ဆိုတာတော့ ဒေါက်တာအေးမောင်တို့ ဟောပြောချက်နဲ့ ကိုက်ညီတာ ညီတယ်၊ မညီတာ မညီဘူး တစ်ထပ်တည်းတော့ မကျဘူးပေါ့၊ တရားလိုထွက်ဆိုတာတွေကို မှီငြမ်းပြီးတော့ ထွက်ဆိုတာပဲ။ အများအားဖြင့်တော့ စာအုပ်နဲ့ရေးယူခဲ့ပြီးတော့ ထွက်ဆိုကြတာပဲ”ဟု ဦးကျော်ညွှန်မောင်က ပြောသည်။

နိုင်ငံတော် ပုန်ကန်မှုနှင့် အကြည့်ညိုပျက်စေမှု အမှုနှစ်ခုအတွက် တရားလိုပြသက်သေများကို စစ်ဆေးပြီးဖြစ်ကြောင်း၊ မတရားအသင်း ဆက်သွယ်မှုနှင့်ပတ်သက်၍ ဇူလိုင်လ ၃၀ ရက်တွင် အမှုစစ်အရာရှိ ဒုရဲမှူး ကျော်နုကိုစစ်ဆေးရန် ခေါ်ယူထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်ထံမှ သိရသည်။

“ရသေ့တောင်မှာ ဦးသိန်းစိန်လက်ထက် ၂၀၁၂ က စလို့ဟောပြောပွဲလုပ်ဖြစ်တယ်။ ဒီအခမ်းအနားကို ဦးသိန်းစိန်အစိုးရက ပွင့်လင်းမြင်သာစွာနဲ့ ပြောင်းလဲတာပေါ့ဗျာ၊ ဒီအစိုးရလက်ထက် ၂၀၁၆ မှာလည်း ကျွန်တော်ကိုယ်တိုင် ဟောပြောခဲ့တယ်။ မဟာမြတ်မုနိဘုရားရှေ့မှာ ဘာမှမဖြစ်ဘူး။ အခုဟောပြောတာဟာလည်း သမိုင်းဆိုင်ရာ ဖြစ်တယ်”ဟု ဒေါက်တာ အေးမောင်ကဆိုသည်။

၎င်းအနေနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှာ ပါဝင်သူဖြစ်ပြီး ၎င်းအနေနှင့် နိုင်ငံတော် သစ္စာဖောက်မှု၊ ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေရန် လုပ်ဆောင်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။ 

ရသေ့တောင်မြို့နယ်၌ ဇန်နဝါရီ ၁၅ ရက်က ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်းနေ့ ဝမ်းနည်းဖွယ် အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲတွင် ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ဟောပြောခဲ့သော ဒေါက်တာအေးမောင်နှင့် စာရေး ဆရာဝေဟင်အောင်တို့ကို နိုင်ငံတော် ပုန်ကန်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)(ဂ) နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ 

R-22



FOLLOW US