News

POST TAGGED AS

ဒေါက်တာအေးမောင်

သင်္ကြန်မတိုင်မီ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေး နိုင်ငံတော်သမ္မတကို မေတ္တာပို့ဟု ဒေါက်တာအေးမောင်ဆို
စစ်တွေ၊ ဧပြီ ၎

ဖမ်းဆီးခံထားရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က သင်္ကြန်မတိုင်မီ မိမိတို့နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် နိုင်ငံတော်သမ္မတကို မေတ္တာပို့ကြောင်း ဧပြီလ ၄ ရက် ၈ ကြိမ်မြောက် ရုံးထုတ်ရာတွင် ပြောကြားသည်။

“အမျိုးသားပြန်လည်ရင်ကြားစေ့ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို သင်္ကြန်မတိုင်မီ လွှတ်ပေးနိုင်ပါစေလို့ ကျွန်တော်မေတ္တာပို့တယ်၊ ကျွန်တော်တို့လို စစ်ဆေးနေဆဲ လူတွေအများကြီးရှိတယ်၊ အဲဒါတွေကို လွှတ်ပေးပါ၊ ပြည်သူတွေကို မေတ္တာပေးပါ၊ ပြည်သူဆီက မေတ္တာပြန်ရပါလိမ့်မယ်”ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ခွင့်တူညီမျှဝါဒဖြူစင်သော တိုင်းပြည်တည်ဆောက်နိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေရာတွင် မိမိအနေနှင့် ပါဝင်ဆောင်ရွက်စေလိုကြောင်း၊ တတိယအကြိမ် ၂၁ ရာစု ပင်လုံအစည်းအဝေးကို တက်ရောက်လိုကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်တွေအကျဉ်းထောင်၌ အကျဉ်းသားများ များပြားနေသောကြောင့် လူနှစ်ဦးအိပ်ရာတွင် သုံးဦးအိပ်နေရကြောင်း၊ အကျဉ်းသားများလည်း လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်နေကြပြီး မိမိတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အချိန်ဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင်က ဆိုသည်။

၎င်းတို့နှစ်ဦးကို ခရိုင်တရားရုံးတစ်ခု၌သာ ရုံးပေါင်းစစ်ဆေးရန် အကျိုးဆောင်ရှေ့နေများက လျှောက်ထားသော်လည်း မြို့နယ်ရုံးမှ အမှုနှစ်ခုနှင့် ခရိုင်ရုံးမှ အမှုတစ်ခုတို့ကို ပြည်နယ်တရားလွှတ်တော်ရုံးက အမှုခေါ်ယူသွားပြီး ဧပြီလ ၁၈ ရက်ကို ထပ်မံချိန်းဆိုလိုက်ကြောင်း ဝေဟင်အောင်၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

ရသေ့တောင်မြို့၌ ဇန်နဝါရီလ ၁၅ ရက်က စာပေဟောပြောရာတွင် နိုင်ငံတော် အကြည်ညိုပျက်စေသည်ဟုဆိုကာ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော် ပုန်ကန်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

R-22



FOLLOW US