News

POST TAGGED AS

ဒေါက်တာသန်းထွန်း

28-Oct-2017

သမိုင်း
မြန်မာနိုင်ငံ သမိုင်းအသင်း ဖွဲ့စည်းမည်
နေပြည်တော်၊ အောက်တိုဘာ ၂၈

တက္ကသိုလ်၊ ကောလိပ်အသီးသီးရှိ သမိုင်းဌာနများက ဖွဲ့စည်းထားသည့် သမိုင်းအသင်းများကို စုစည်းပြီး မြန်မာနိုင်ငံ သမိုင်းအသင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ် သမိုင်းဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာမိုမိုသန့်က ပြောကြားသည်။

ယင်းအသင်းဖြစ်လာရေး ဖြစ်မြောက်ရေး ကော်မတီဖွဲ့ကာ အသင်းစည်းမျဉ်း၊ စည်းကမ်းများကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသား၍ အသင်းမှတ်ပုံတင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြရန် ဆောင်ရွက်နေသည်ဟု ဒေါက်တာ မိုမိုသန့်က ပြောဆိုသည်။

တရားဝင် ဖွဲ့စည်းခွင့်ရပြီးလျှင် သမိုင်းဘာသာရပ်နှင့်ပတ်သက်၍ သုတေသန ပြုလုပ်ပြီး စာအုပ်ထုတ်ရန် အခက်အခဲ ရှိနေသူများကို အကူအညီပေးခြင်း၊ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်တွင် အသင်းက ဦးဆောင်၍ စာတမ်း ဖတ်ကြားနိုင်ရန် ယင်းအသင်းက လတ်တလော ရည်မှန်းထားသည်။

အသင်းအနေနှင့် ပညာရပ်ပိုင်းဆိုင်ရာကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သည်။ ဝက်ဘ်ဆိုက် ရေးဆွဲပြီးစီးလျှင် စိတ်ပါဝင်စားသူများ ပါဝင်လာနိုင်စေရန် အသိပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာသမိုင်းအဖွဲ့ အတွင်းရေးမှူး၊ သမိုင်းပါမောက္ခ အငြိမ်းစား ဒေါက်တာကျော်ဝင်းက တက္ကသိုလ်များရှိ အသင်းအဖွဲ့ အများစုသည် ၁၉၆၂ခုနှစ်နောက်ပိုင်း ခေတ်အခြေအနေအရ ဆရာကန်တော့ပွဲများ၊ ခရီးထွက်ခြင်းများသာ ရှိတော့သည်ဟု သုံးသပ်သည်။

ယင်းမတိုင်မီက အသင်းများသည် သုတေသန လုပ်ငန်းများ၊ စာတမ်းဖတ်ကြားခြင်းများအပြင် သမိုင်းပညာရှင် ဆရာလုစ်ကလည်း တက္ကသိုလ် သမိုင်းအသင်းသို့ သင်ခန်းစာများ လာရောက် ပို့ချသည့်ကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေးမြို့မှ သမိုင်းသုတေသီ ဒေါက်တာတင်မောင်ကြည်က “မန္တလေးက မြန်မာစာအသင်းဆို သူတို့ လှုပ်ရှားမှု အတော်အောင်မြင်တယ်။ ပြတိုက်တစ်ခုတောင် ထူထောင်နိုင်တယ်။ ဒါတွေက တော်လှန်ရေး ကောင်စီမတက်ခင် အချိန်ကပေါ့”ဟု နိုင်ငံရေး အခြေအနေအရ ပညာရပ်ဆိုင်ရာ လုပ်ဆောင်နိုင်မှုကို ပြောဆိုသည်။

မြန်မာနိုင်ငံသမိုင်းအသင်း ဖြစ်မြောက်ရေး အစည်းအဝေးကို ရန်ကုန်တက္ကသိုလ် ဝေသာလီဆောင်တွင် နိုဝင်ဘာလ ၆ ရက် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သမိုင်းဌာနထံမှ သိရှိရသည်။

T.L

  • VIA


FOLLOW US