News

POST TAGGED AS

ထောက်ပံ့

ကရင်ပြည်နယ်ရှိ ရေဘေးသင့်သူများကို ကျပ်သိန်း ၁၆၀ ကျော်ထောက်ပံ့ကြေးပေး
ဘားအံ၊ ဇူလိုင် ၂၄

ကရင်ပြည်နယ် ဘားအံ၊ မြဝတီ၊ ကော့ကရိတ်နှင့် လှိုင်းဘွဲ့မြို့များမှ ရေဘေးသင့်သူ ၇၀၀၀ ခန့်ကို ထောက်ပံ့ကြေး ကျပ်သိန်း ၁၆၀ ကျော် အပါအဝင် တစ်ပတ်စာ အစားအသောက်များကို ပေးအပ်ထားကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းသို့ထောက်ပံ့ရာတွင် အိမ်ထောင်စုအတွင်းရှိသည့် လူဦးရေစာရင်းများအရ ထောက်ပံ့ခြင်းဖြစ်ပြီး ရေဘေးစခန်းများတွင်လည်း ကျန်းမာရေး စစ်ဆေးစောင့်ရှောက်သည့် အဖွဲ့ငယ်များကို ထည့်သွင်းတာဝန်ချထားပေးကြောင်း ယင်းအစိုးရထံမှ သိရသည်။

“အစိုးရအဖွဲ့အနေနဲ့ အားလုံးအတွက် ငါးသေတ္တာ၊ ဆီ၊ ဆေးတွေရယ် ဆန်ဖိုးရယ် ထောက်ပံ့ပေးတယ်။ လူကယ်ပြန်က ထောက်ပံ့မှုတွေက သီးသန့်ပါ။ ဒါကအစိုးရအဖွဲ့က ထောက်ပံ့တာ ဖြစ်ပါတယ်”ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောကြားသည်။

ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ရေဘေးဒုက္ခသည်များကို တစ်ပတ်စာ ဆန်ထောက်ပံ့မှုနှင့် အခြေခံအိမ်သုံး ကုန်ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိပြီး ဇူလိုင်လ ၂၃ ရက်နေ့အထိ မြဝတီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့မြို့များသို့ ထောက်ပံ့ပေးပြီးဖြစ်ပြီး ဘားအံမြို့နယ်မှ ရေဘေးစခန်း ၈ ခုကိုလည်း ဆက်လက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မနေ့နေ့လယ်ကစ ပြောင်းလာပါတယ်။ နေရေးထိုင်ရေးက အဆင်ပြေပါတယ်။ အစားအသောက်ကတော့ သားသမီးတွေ လာပို့တယ်။ ဒီမနက်အထိတော့ အစိုးရက လာပြီးပေးတာ မရှိသေးဘူး။ နောက်လာရင်လည်း လာမှာပေါ့။ အောက်ပိုင်းမှာရေက ရင်ညွန့်အထိရောက်လာလို့ ပြောင်းလာရတာ”ဟု ဘားအံမြို့၊ အောင်နန်း (၄) လမ်းနေ အသက် ၆၅ နှစ်အရွယ်ခန့်ရှိ ဦးဝင်းသန်းက ပြောကြားသည်။

ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက မြဝတီမြို့နယ်မှ ရေဘေးဒုက္ခသည် ၁၃၂၅ ဦးအတွက် ထောက်ပံ့ငွေ ၃,၅၇၇,၅၀၀ ကျပ်၊ လှိုင်းဘွဲ့မြို့နယ်မှ ရေဘေးဒုက္ခသည် ၁၂၇၈ ဦးအတွက် ထောက်ပံ့ငွေ ၂,၆၈၃,၈၀၀ ကျပ်၊ ကော့ကရိတ်မြို့မှ ရေဘေး ဒုက္ခသည်၂၄ ဦးအတွက် ထောက်ပံ့ငွေ ၅၀,၄၀၀ ကျပ်တို့ကို ထောက်ပံ့ပေးပြီးဖြစ်ပြီး ဆက်လက်ပြီး ဘားအံမြို့နယ်မှ ရေဘေးဒုက္ခသည် ၄၈၄၃ ဦးအတွက် ထောက်ပံ့ငွေ ၁၀,၁၇၀,၃၀၀ ကျပ်တို့ကို ထောက်ပံ့ပေးထားကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

R-17



FOLLOW US