News

POST TAGGED AS

ထောက်ပံ့

05-Jul-2018

ကရင်
ကရင်ပြည်နယ်အတွင်း မိုင်းလုံးဝကင်းစင်နယ်မြေဖြစ်အောင်လုပ်မည်
ဘားအံ၊ ဇူလိုင် ၎

ကရင်ပြည်နယ်အတွင်း မိုင်းအန္တရာယ် ရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိရာ ယခင်ကစစ်ဖြစ်ခဲ့သည့်နေရာများတွင် မိုင်းအန္တရာယ် ကင်းစင်နယ်မြေဖြစ်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဉာဏ်လင်းအောင်က ပြောကြားသည်။

ဇူလိုင် ၄ ရက်နေ့က ဘားအံမြို့၊ Gabanna ဟိုတယ်၌ ပြုလုပ်သည့် ကရင်ပြည်နယ်အတွင်း မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် ပြန်လည် ထူထောင်ခြင်းလုပ်ငန်းများအတွက် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကရင်၊ ကချင်နဲ့ ကယားပြည်နယ်တွေမှာ မိုင်းအန္တရာယ် အသိပညာပေးအဖွဲ့တွေကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းပြီး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်။ လူတစ်ယောက် မိုင်းထိရင် ကာယကံရှင်အပြင် မိသားစုတွေလည်း အတိဒုက္ခ ရောက်ရတယ်။ ကုန်ထုတ်စွမ်းအားတွေလည်း ကျဆင်းနိုင်ပါတယ်။ ဒါကြောင့် ကရင်ပြည်နယ်ထဲမှာ မိုင်းလုံးဝ ကင်းစင်အောင် လုပ်ပါမယ်”ဟု ဦးဉာဏ်လင်းအောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အနေနှင့် လှိုင်းဘွဲ့မြို့နယ် ကျုံထော်-မဲသဝေါဒေသကို မိုင်းရှင်းလင်းရန် ခွင့်ပြုမိန့်များ ရရှိပြီဖြစ်ပြီး အလုံးစုံ အန္တရာယ်ကင်းသော ပတ်ဝန်းကျင်ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကာ၊ မြိုင်ကြီးငူဒေသရှိ တိုက်ပွဲရှောင်များ မိမိတို့ရပ်ရွာသို့ ပြန်လည်ရောက်ရှိ အခြေချနိုင်ရန်နှင့် တည်ငြိမ်စွာဖြင့် အလုပ်အကိုင်များ လုပ်ကိုင်နိုင်ရန် ဆောင်ရွက်နေကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက ဆိုသည်။

“မိုင်းအန္တရာယ် အသိပညာပေးရေး ကော်မတီ စတင်ဖွဲ့စည်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း မိုင်းအန္တရာယ် အသိပညာပေးခြင်းတွေ NGO/INGOs တွေနဲ့ ပူးတွဲဆောင်ရွက်ခဲ့တယ်၊ ခုအချိန်မှာ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ ကူညီပေးနေတယ်၊ မသန်စွမ်းသူတွေကိုလည်း နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုငွေနဲ့တစ်ဦးကို တစ်သိန်းနှုန်းနဲ့ ထောက်ပံ့ပေးခဲ့တာ ၄၆၁၆ သိန်းကို ထောက်ပံ့ပေးပြီးဖြစ်ပါတယ်”ဟု ကရင်ပြည်နယ် ဗမာလူမျိုးတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောကြားသည်။

R-17



FOLLOW US