News

POST TAGGED AS

ထောက်ပံ့

ဒစ်ဂျစ်တယ်ငွေကြေးများအပေါ် ရင်းနှီးမြှုပ်နှံမှု တရားမဝင်ဟု ညွှန်ကြားစာထုတ်မည်


ရန်ကုန်၊ ဇွန် ၆

Bitcoin အပါအဝင် အခြားသော Crytocurrency များအပေါ် ရင်းနှီးမြှုပ်နှံခြင်းသည် တရားဝင်မဟုတ်သောကြောင့် ငွေကြေးများဆုံးရှုံးနိုင်သည့်အတွက် မသုံးစွဲရန် ညွှန်ကြားချက်ထုတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

Crytocurrency ဆိုသည်မှာ ရွှေ (သို့မဟုတ်) အခြားအရာကိုအခြေခံပြီး ရိုက်နှိပ်ထုတ်ဝေသည့် ငွေကြေးမဟုတ်ဘဲ လျှို့ဝှက်သင်္ကေတတစ်ခုသတ်မှတ်ခြင်း နည်းပညာအပေါ် အခြေခံထုတ်ဝေထားသည့် ဒစ်ဂျစ်တယ် ငွေကြေးအမျိုးအစားဖြစ်သည်။ 

“Crytocurrency တွေအများကြီးထဲက မြန်မာပြည်မှာ အသုံးများတာက Bitcoin ပါ။ ဒါတွေကို အစတည်းက ပြည်တွင်းမှာ ခွင့်ပြုမထားပါဘူး။ အခု ကုမ္ပဏီတစ်ခုက နိုင်ငံခြားမှာအခြေစိုက်ပြီး အွန်လိုင်းကနေ အရောင်းအဝယ်လုပ်နေတယ်။ ဒါကို တားမြစ်ဖို့ဆိုရင် သူရဲ့ဝက်ဘ်ဆိုက်တွေ၊ မိုဘိုင်းလ်ဆော့ဖ်ဝဲလ်တွေကို ထိန်းချုပ်တားမြစ်ဖို့လိုတယ်။ ဒါကို ဗဟိုဘဏ်တစ်ခုတည်းက ဝင်လုပ်လို့မရဘူး။ တခြားအဖွဲ့အစည်းတွေနဲ့ ညှိရဦးမှာ။ တရားမဝင်ဘူးဆိုတာတော့ ပြည်သူကို ကြိုအသိပေးလို့ရတယ်”ဟု ဗဟိုဘဏ် အကြီးတန်းအရာရှိက ဆက်လက်ပြောကြားသည်။

၂၀၁၆ ခုနှစ်တွင် Bitcoin ရောင်းဝယ်သည့် ကုမ္ပဏီတစ်ခုသည် အွန်လိုင်းမှ စတင်မဲဆွယ်ခဲ့ပြီး အချို့သော ပြည်သူများမှာ Crytocurrency နှင့်ပတ်သက်သည့် အကောင့်များ ဖွင့်လှစ်လာသောကြောင့် အွန်လိုင်းငွေအပေးအယူကိစ္စများတွင် ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍကို ဖြတ်သန်းလာနိုင်သည့်အတွက် သုံးစွဲသူများ၏ ငွေစာရင်းကို အလေးထားစိစစ်ရန် အကြောင်းကြားခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှသိရသည်။

Bitcoin သည် ကမ္ဘာ့ဒေါ်လာဈေး၊ ရွှေဈေး၊ ရေနံဈေးများကို ခန့်မှန်းကာ အွန်လိုင်းပေါ်တွင် အရောင်းအဝယ်လုပ်သည့် စီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် ငွေပမာဏများသူက ဈေးကစားခြင်း၊ အွန်လိုင်းဟက်ကာများက အကောင့်ထဲရှိ ငွေများကိုယူနိုင်ခြင်း အစရှိသည့် ဆုံးရှုံးနိုင်ခြေမြင့်သည့် အရောင်းအဝယ်ဖြစ်ကြောင်း စီးပွာရေးလုပ်ငန်းရှင်များက ဆိုသည်။

“ဒါတွေကို အိမ်နီးချင်းနိုင်ငံတွေကတောင် ခွင့်မပြုပါဘူး။ အနောက်နိုင်ငံတွေမှာပဲ လုပ်ကြတာပါ။ အောင်မြင်တယ်ဆိုတာ ခပ်ရှားရှားပါ။ ဒစ်ဂျစ်တယ်ငွေကြေးက အကောင့်ထဲပိုက်ဆံထည့်ပြီး မသေချာတဲ့ဟာတွေမှာ အရောင်းအဝယ်လုပ်မယ့်အစား စတော့အိတ်ချိန်းလိုနေရာမှာ အစုရှယ်ယာဝယ်တာက ပိုပြီးသေချာပါတယ်”ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးသောင်းထွန်းက ပြောကြားသည်။

J-13



FOLLOW US