News

POST TAGGED AS

ထောက်ပံ့

မင်းကင်း ရေကာတာ ရွာသားများ ကိုယ်ထူကိုယ်ထ တည်ဆောက်


ကလေး၊ မေ ၂၀ 

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်၊ ပွင့်လျက်ကျေးရွာတွင် ချောင်းရေ တိုက်စားမှုမခံရစေရေးအတွက် အရှည် ပေ ၅၀၀ ခန့်ရှိ ရေကာတာကို ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ကြောင်း ယင်းအုပ်ချုပ်ရေးမှူး ဦးဘချိုက ပြောကြားသည်။ 

ပွင့်လျက်ကျေးရွာအနီး ဖြတ်သန်းစီးဆင်းနေသည့် အလောင်းတော်ချောင်း ရေတိုက်စားသဖြင့် ရွာသူရွာသားများ၏ နေအိမ်အလုံး ၁၀၀ ကျော်ဖျက်ပြီး ရွှေ့ခဲ့ရကြောင်း၊ ယင်းသို့ ဖြစ်ပွားနေသဖြင့် ချောင်းရေတိုက်စားခြင်းကြောင့် ကမ်းပြိုနေအိမ်ဖျက်ရွှေ့ရသည့် အန္တရာယ်မှ ကင်းဝေးစေရန် ကိုယ်ထူကိုယ်ထ ရေကာတာကို တည်ဆောက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ရေကာတာကို ကိုယ်ထူကိုယ်ထ တည်ဆောက်ရာတွင် လူနေအိမ်တစ်အိမ်လျှင် မျောတိုင်သုံးချောင်း ခုတ်ယူခြင်း၊ မျောတိုက်စိုက်ထူရန်အတွက် စက်ငှားခ ကုန်ကျစရိတ်အတွက် တစ်အိမ်လျှင် ငွေကျပ် ၅၀၀ ထည့်ဝင်ကာ တစ်ရက်လျှင် နေအိမ် ၅၀ မှ လူများ၏ အလှည့်ကျ အလုပ်လုပ်ခြင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးဘချိုက ရှင်းပြသည်။

“ကျွန်တော်တို့ ငယ်ငယ်တုန်းက တည်းကစပြီး နှစ်တိုင်း ချောင်းရေတိုက် စားခံနေရတာ။ ရေတိုက်စားခံရတာများလို့ ရွာအရှေ့ဘက်ခြမ်းအကုန်လုံး ဖဲ့သွားပြီ။ အခုထက်ပြီး ဖဲ့စားနေလို့ ရေကာတာ ရိုက်တော့တာ”ဟု ၎င်းက ဆိုသည်။

လူနေအိမ်ခြေ ၂၀၀ နီးပါးရှိ ပွင့်လျက် ကျေးရွာအနီး ဖြတ်သန်းစီးဆင်းသည့် အလောင်းတော်ချောင်းသည် မင်းကင်းမြို့ အောက်ဘက်တွင် ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်သည့် ချောင်းတစ်ခုလည်းဖြစ်သည်။

အဆိုပါ ချောင်းဘေးကိုယ်ထူ ကိုယ်ထရေကာတာ ပြုလုပ်ခြင်းကို မေလ ပထမပတ်မှ စတင်ပြုလုပ်ခဲ့ပြီး ၁၀ ရက် ကျော်အကြာ ပြုလုပ်ခဲ့ရကာ မေလ ၁၉ ရက်နေ့တွင် ရေကာတာတည်ဆောက် သည့်လုပ်ငန်း ပြီးစီးခဲ့သည်။

R-20




FOLLOW US