News

POST TAGGED AS

တော်လှန်ရေး

သမိုင်းတစ်ကျော့ပြန်ခြင်းလော အောက်တိုဘာရာပြည့်
ရာပြည့်နှစ်များ

နှစ်ဆယ့်တစ်ရာစု၏ ဒုတိယ ဆယ်စုတစ်ဝက်မှာ ‘ရာပြည့်နှစ်များ’ နှင့် ပြည့်လျှမ်းနေသည်ဟု ဆိုရမလို ရှိသည်။ ကြည့်ပါ ...၊ ၂၀၁၄ ခုနှစ်မှာ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့သည့် နှစ်တစ်ရာပြည့် ဖြစ်သည်။ ဤစစ်ကြီးကပင် စစ်ကြိုခေတ် ‘လစ်ဘရယ် ကမ္ဘာ့အစီအစဉ်’ ကို ဆုံးခန်းတိုင်စေခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၂၀၁၆ ...၊ ‘စုန်မီ ထိုးစစ်’ ခေါ် စုန်မီတိုက်ပွဲ နှစ်တစ်ရာပြည့်။ ပထမကမ္ဘာစစ်ကြီးအတွင်း ဖြစ်ပွားခဲ့သော ဤစစ်ပွဲမှာ ကမ္ဘာ့စစ်သမိုင်းတစ်လျှောက် သွေးချောင်းအစီးဆုံးစစ်ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ဟော - အခု ၂၀၁၇ ...။ ကမ္ဘာပေါ်တွင် ပထမဆုံး ‘ဆိုရှယ်လစ် နိုင်ငံတော်ကြီး’ ကို မွေးဖွားပေးလိုက်သည့် ‘ရုရှားအောက်တိုဘာ တော်လှန်ရေး ရာပြည့် ...။’ ကမ္ဘာအရပ်ရပ်မှ လက်ဝဲဝါဒီများကတော့ ‘မဟာအောက်တိုဘာ ဆိုရှယ်လစ် တော်လှန်ရေး’ ဟု ဝိဂြိုဟ်ပြုကြလိမ့်မည်။

ရုရှား၊ ဘော်ရှီဗစ်ခေါင်းဆောင် လီနင် ဦးဆောင်ခဲ့သည့် အင်အားသုံး နိုင်ငံတော်အာဏာ သိမ်းပိုက်မှုမှာ လူ့သမိုင်းအတွက် ဝမ်းနည်းဖွယ်ရာ ဇာတ်ကွက်များစွာကို ဆက်တိုက်ဆိုသလို မွေးထုတ်ပေးလိုက်သည်။ စတာလင် အာဏာရလာခြင်း ...၊ စိုက်ပျိုးရေးကဏ္ဍတွင် စုပေါင်းဝါဒ ကျင့်သုံးမှု (တစ်နည်း စုပေါင်းလယ်ယာ) နှင့် အတင်းအကျပ် စက်မှုထူထောင်မှုတို့၏ အကျိုးဆက်အဖြစ် လူပေါင်းသန်း ၂၀ မျှ အသက်ဆုံးရှုံးခဲ့ရခြင်း၊ တစ်စိတ်တစ်ပိုင်းအားဖြင့် ကွန်မြူနစ်ဝါဒကို တန်ပြန်ရာမှ ဟစ်တလာ၊ မူဆိုလီနီနှင့် ဖရန်ကိုတို့ အာဏာရလာခြင်း ... စသည်တို့ ဖြစ်ပါသည်။ ဆိုရလျှင် လက်ဝဲဘက်ရော လက်ယာဘက်မှပါ အများကြိုက် ပေါ်ပြူလာဝါဒများ အပြိုင်းအရိုင်း ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ နောက်ခံ အိုင်ဒီအိုလိုဂျီ ခြေခြေမြစ်မြစ် မရှိလှသော လက်ယာပေါ်ပြူလာဝါဒ (ဖက်ဆစ်ဝါဒ) မှာ အချိန်တိုအတွင်း ပြိုကျသွားခဲ့သော်လည်း အိုင်ဒီအိုလိုဂျီ တစ်စုံတစ်ရာ အားကောင်းသော လက်ဝဲပေါ်ပြူလာ ဝါဒကား ကာလအတန်ကြာ သက်ဆိုးရှည် ကျန်ရစ်သည်။

သည်လိုနှင့် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးနေ့များ အလွန်တွင် ‘စစ်အေးတိုက်ပွဲ’ ဆိုသော နောက်ထပ် ကမ္ဘာလုံးချီ စစ်ပွဲကြီးတစ်ပွဲနှင့် ရင်ဆိုင်လိုက်ရပြန်သည်။ စစ်အေးတိုက်ပွဲအတွင်း အနောက်၏ ပေါ်လစီ အဓိက ရည်မှန်းချက်မှာ လက်ဝဲလက်ယာ အာဏာရှင်စနစ်မျိုးစုံ သမိုင်းဇာတ်ခုံပေါ် တက်မလာစေရေး ဖြစ်သည်။ ဤရည်ရွယ်ချက်အတွက် ကမ္ဘာလုံး အတိုင်းအတာ၊ ‘အင်စတီကျူးရှင်း’ သုံးရပ်ကို တည်ထောင်ခဲ့သည်။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) နှင့် ကမ္ဘာ့ကုလသမဂ္ဂတို့ ဖြစ်သည်။ ဤအဖွဲ့ကြီးသုံးခု အနေနှင့် ကမ္ဘာ့စီးပွားရေးကို တစ်စုံတစ်ရာ ထိန်းသိမ်းနိုင်ခဲ့သလို ကမ္ဘာကြီးကိုလည်း ဆိုးဝါးသော ပဋိပက္ခကြီးများမှ အတော်အတန် ကာကွယ်နိုင်ခဲ့ပါသည်။ နိုင်ငံတော်တော်များများ ဆိုလျှင်လည်း ‘ရွှေပြည်သာ နိုင်ငံလမ်းကြောင်း’ (Welfare State) ကို ထူထောင်ပြီး ‘လူမှုလုံခြုံရေး ပိုက်ကွန်များ’ (Social Safety Nets) ချမှတ်နိုင်ခဲ့သလို အခွင့်အလမ်းများစွာအတွက် လမ်းကြောင်းသစ်များ ဖော်ထုတ်နိုင်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု ဦးဆောင်ပြီး ‘ကန့်သတ်ထိန်းချုပ်မှု ပေါ်လစီ’ (Containment Policy) ဖြင့် ဆိုဗီယက် သြဇာနယ်ပယ်ချဲ့ဝါဒကို ထိန်းချုပ်နိုင်ခဲ့သလို နောက်ဆုံးအပြီးတိုင် ဖြိုချနိုင်ခဲ့ပါသည်။ ပြောရလျှင် ဤသည်ပင် ‘စစ်ပြီးခေတ် လစ်ဘရယ် ကမ္ဘာ့အစီအစဉ်သစ်’ အကြောင်း အနှစ်ချုပ်ဟု ဆိုနိုင်ပါလိမ့်မည်။

လစ်ဘရယ် အစီအစဉ်ရဲ့ ကံကြမ္မာ

၁၉၁၇ ရုရှား အောက်တိုဘာ တော်လှန်ရေးမတိုင်မီ အနှစ် ၄၀ ကာလကို တစ်ချက်မျှ ပြန်ကြည့်စေလိုသည်။ ဤကာလမှာ ဗြိတိသျှတို့ ဦးဆောင်ခဲ့သော ပထမအကြိမ် လစ်ဘရယ် ကမ္ဘာ့အစီအစဉ်ခေတ် ဖြစ်သည်။ ဗြိတိသျှတို့ ဦးဆောင်မှုဖြင့် ‘လွတ်လပ်သော ကုန်သွယ်ရေး’ အားကောင်းလာရာမှ ကမ္ဘာကြီးမှာ တစ်စုတစ်စည်းတည်း သဘောဆောင်လာသည်။ လစ်ဘရယ် ဒီမိုကရေစီမှာလည်း ဗြိတိသျှနှင့် အမေရိကတို့၏ အုပ်ချုပ်ရေးစနစ် ဖြစ်လာပြီး အခြားကမ္ဘာနိုင်ငံများကိုလည်း ကောင်းကောင်းဆွဲဆောင်နိုင်ခဲ့သည်။ ပြောရလျှင် ဤကာလမှာ လစ်ဘရယ် ဒီမိုကရေစီ၏ အောင်ပွဲနှစ်များဟု ဆိုရပါလိမ့်မည်။ ဤကာလနှင့် မနီးယိုး စွဲနှိုင်းယှဉ်နိုင်လောက်သည်မှာ ၁၉၈၀ ပြည့်လွန် နှစ်များပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင် အမေရိက ဦးဆောင်သော လစ်ဘရယ် ကမ္ဘာ့အစီအစဉ်ခေတ် ဖြစ်သည်။

ဤကာလအတွင်း အမေရိက ဦးဆောင်မှုဖြင့် ‘ဂလိုဘယ်လိုက်ဇေးရှင်း’ ဖြစ်စဉ်ကြီးမှာ မရပ်မနား ဆက်လက်ချီနိုင်ခဲ့သည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျင့်သုံးရန် အဆင့်မီသော နိုင်ငံများ၏ အရေအတွက်မှာလည်း သိသိသာသာ တိုးပွားလာသည်။ နိုင်ငံပေါင်းစုံမှ လက်ဝဲလက်ယာ နိုင်ငံရေးသမား မျိုးစုံသည်လည်း ‘ဝါရှင်တန် သဘောတူအမြင်’ ကို သစ္စာခံကြောင်း ပြသနိုင်ရန် အပြိုင်ကြိုးပမ်းလာကြသည်။ သို့နှင့်တိုင် စစ်ကြိုခေတ် ပထမအကြိမ် လစ်ဘရယ် ကမ္ဘာ့အစီအစဉ်မှာ နိုင်ငံကြီးများ အပြိုင်နယ်ချဲ့ကြရာမှ ပျက်စီးခဲ့ရသလို ယခုစစ်ပြီးခေတ် လစ်ဘရယ် ကမ္ဘာ့အစီအစဉ်မှာလည်း ဇီဝိန်ကြွေတော့မည့် လက္ခဏာတွေ ပြလာသည်။ တစ်ခုတော့ ရှိသည်။ ယခုတစ်ကြိမ် လစ်ဘရယ်အကြိုကား ပို၍ ဘက်စုံထောင့်စုံသည်။ အမေရိက၏ ဆူပါပါဝါ ဝန်ပိမှုလည်း ပါသည်။ သို့နှင့်အမျှ ကုလသမဂ္ဂအတွက် ‘စပွန်ဆာ’ ကို ရေနံပဒေသရာဇ် နိုင်ငံများသို့ လက်လွှဲပေးရသည်လည်း ရှိသည်။ တရုတ် အမေရိက အားပြိုင်မှုနှင့်လည်း ဆိုင်သလို ‘လစ်ဘရယ် ကမ္ဘာ့အစီအစဉ်’ ကိုယ်တိုင်၏ အားနည်းချက်များနှင့်လည်း ပတ်သက်နိုင်ပါသည်။

စစ်ကြိုခေတ် လစ်ဘရယ်အယိုင်တွင် လက်ဝဲလက်ယာ ပေါ်ပြူလာဝါဒများ အပြိုင်းအရိုင်း ပေါ်ထွက်လာသလို ယခုတစ်ကြိမ် ပထမဆုံး သေနတ်ဖောက်လိုက်သူများမှာကား လက်ဝဲဘက်မှ မဟုတ်၊ လက်ယာဘက်မှ ဖြစ်သည်။ ဤအချက်ကို ဗြိတိန်က အီးယူမှ ထွက်ပြလိုက်သလို အမေရိကတွင် ဒေါ်နယ်ထရမ့်၏ အောင်ပွဲဖြင့် ဖော်ပြလိုက်သည်။ ဒေါ်နယ်ထရမ့်၏ အောင်ပွဲမှာ ဥရောပမှ ‘လီပန်’ လိုလူမျိုးကို အားတက်စေသလို အနောက်ဆန့်ကျင်ရေး အစဉ်အလာရှိသူ ပူတင်၏ အနေအထားကိုလည်း ခိုင်မာစေသည်။ ယနေ့ လက်ယာ အများကြိုက် ပေါ်ပြူလာဝါဒက အမျိုးသားရေးဝါဒ အလံကိုလည်း မြင့်မြင့်မားမားလွှင့်ထားရာ လစ်ဘရယ်ဝါဒ၏ အားနည်းချက် တစ်ခုဟု ဆိုနိုင်သော လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် အမျိုးသားလက္ခဏာ ထိပါးခံနေရသော နိုင်ငံများ အထူးသတိထားဖို့ လိုပါလိမ့်မည်။

အသစ်အသစ်သော တော်လှန်ရေးများ

၁၉၁၇ ရုရှားတော်လှန်ရေးက မွေးဖွားပေးလိုက်သော ‘ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတ နိုင်ငံတော်’ ဆိုသည်ကား ယခုအခါ မရှိလေတော့ပါ။ နှစ်တစ်ရာအထိ မခံဘဲ နှစ်ပေါင်း ၇၀ မျှဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါသည်။ ရုရှားနိုင်ငံမှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သူ ‘မာရီယာအယ်လ်ယိုခီနာ’ က သူမ၏ ဇာတိနိုင်ငံနှင့် ပတ်သက်ပြီး ယခုလို ပြောဖူးသည်။ “ကျွန်မရဲ့ နိုင်ငံကူးလက်မှတ် မွေးဖွားရာနိုင်ငံ ဆိုတဲ့ ကွက်လပ်မှာ ‘USSR’ လို့ ဖြည့်ထားတယ်။ တကယ်တော့ USSR ဆိုတာ အခုမရှိတော့တဲ့ နိုင်ငံပါ။ ၂၀ ရာစု အစောပိုင်းလောက်က ပညာတတ်အချို့ရဲ့ ပျက်ပြယ်သွားတဲ့ အိပ်မက်တစ်ခုထက် ဘာမှမပိုလောက်တော့ပါဘူး” ... ဟူ၏။

သူမ၏ ဇာတိနိုင်ငံကို မွေးဖွားပေးလိုက်သော ‘တော်လှန်ရေး’ ဆိုသည်နှင့် ပတ်သက်၍လည်း သူမက ယခုလို တွေးတွေးဆဆ ပြောပါသည်။ “အခုခေတ် လူငယ်တွေက တော်လှန်ရေး ဆိုတာကို ‘ပရောဂျက်’ တစ်ခုလိုများ နားလည်နေကြမလား မသိဘူး။ တကယ်တော့ တော်လှန်ရေးမှာ ပရောဂျက်တစ်ခုလို ဘယ်မှာစလို့ ဘယ်မှာဆုံးရမယ်လို့ ဘောင်ခတ်လို့မှ မရတာ ...။ ပြောရရင် တော်လှန်ရေးဆိုတာ ဘဝပဲ။ တော်လှန်ရေးတိုင်းမှာ လူတိုင်းဟာ ရွေးချယ်စရာ တစ်ခုခုနဲ့ ရင်ဆိုင်ကြရတယ်။ ပါဝင်မလား၊ ဒါမှမဟုတ် ဘေးထွက်ထိုင်မလား ...။” သူမ၏ စကားမှာ ရာသက်ပန် တော်လှန်ရေးသမားကြီး ‘ထောမတ်ဂျက်ဖာဆင်’ ၏ အိုမင်း တွင်းဆုံးအရွယ်တွင် ပြောခဲ့သော အမှာစကားနှင့် ခပ်ဆင်ဆင် တူလိမ့်မည် ထင်ပါသည်။ သူ့စကား ... “မျိုးဆက်တိုင်းတွင် အသစ်အသစ်သော တော်လှန်ရေးများ လိုအပ်သည်” ဟူသတတ်။

စစ်အေးခေတ်က အလွန်ရေပန်းစားခဲ့သော ဝေါဟာရ တစ်ခုနှင့် ပတ်သက်၍လည်း သူမက ယခုလို ဝေဖန်သည်။ ‘တကယ်တော့ သံကန့်လန့်ကာဆိုတာ ၂၀ ရာစုရဲ့ နိုင်ငံရေး ဝေါဟာရ မဟုတ်ပါဘူး။ ကျွန်မတို့ ရင်ဆိုင်ခဲ့ရတာက ‘သံသယတံတိုင်းကြီး’ ပါ။ ဒီတံတိုင်းကြီးက ‘ငါတို့’ (us) နဲ့ ‘သူတို့’ (them) ကို ခွဲထားတယ် ...။’

မည်သို့ပင်ရှိစေ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် အရာရာမှာ ပြောင်းလဲနေမည်မှာ သေချာသည်။ လွန်ခဲ့သော ရာစုတစ်ခုက နှုန်းစံတစ်ခုကို ယခုအခါ ‘လူမျိုးခွဲခြား ဆက်ဆံရေးဝါဒ’ (Tacism) ဟုခေါ်နေကြချေပြီ။ လွန်ခဲ့သော ရာစုဝက်က နှုန်းစံတစ်ခုကိုလည်း ယခုအခါ ‘အကြွင်းမဲ့ အာဏာရှင်ဝါဒ’ (Totalitarianism) ဟု နားလည်နေကြချေပြီ။ နောင်တစ်ချိန် သမိုင်းစာအုပ်များတွင် ယနေ့ ကျွန်တော်တို့တစ်တွေ၏ ပြုမူလုပ်ကိုင်ပုံများကို မည်သို့ ဖော်ပြကြမည်နည်း ...။ 

ကျော်ဝင်း
၁၃ ဒီဇင်ဘာ ၂၀၁၆



FOLLOW US