News

POST TAGGED AS

တောင်ပြိုမှု

ကျိုင်းတုံ-တောင်ကြီးလမ်းတွင် တောင်ပြိုမှုဆက်ဖြစ်နိုင်ဟုဆို


ကျိုင်းတုံ၊ ဩဂုတ် ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့သို့ ဆက်သွယ်ထားသည့် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးတွင် တောင်ပြိုမှုနှင့် ကမ်းပါးပြိုမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ပြောကြားသည်။

ဩဂုတ် ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး အဆိုပါလမ်းမကြီး၌ တောင်ပြိုမှုနှင့် ကမ်းပါးပြိုမှုများဖြစ်ပေါ်ခဲ့ရာ ဆက်ပြိုမည်ဆိုပါက အများပြည်သူအတွက် အန္တရာယ်ရှိနိုင်၍ ပြုပြင်ပေးရန်ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တောင်ပြိုတာတွေကတော့ နှစ်ပေါင်းများစွာ ဖြစ်နေကြပါ။ ကျိုင်းတုံနဲ့ မိုင်းပျဉ်းကြားမှာဖြစ်ခဲ့တဲ့ တောင်ပြိုတဲ့နေရာတွေကို မနေ့ကသွားစစ်ဆေးကြည့်တော့ အန္တရာယ်ရှိနိုင်တဲ့အနေအထား တွေ့ရတယ်။ ဒါ့ကြောင့် အမြန်ဆုံးပြုပြင်ပေးနိုင်ဖို့ ရှမ်းပြည်အစိုးရအဖွဲ့ထံ တင်ပြပေးမှာဖြစ်သလို အများပြည်သူကိုလည်း အသိပေးညွှန်ကြားချက်ထုတ်မှာပါ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု လမ်းပိုင်းတွင်မိုးရွာသွန်းမှုကြောင့် တောင်ပြိုမှုဖြစ်ပေါ်ပြီး လမ်းပိတ်ဆို့နေ၍ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေစဉ် ခရီးသွား မော်တော်ယာဉ်များမှာ ဖယ်ရှားရှင်းလင်းမှုမပြီးခင် အတင်းအကျပ်ဖြတ်သန်းနေသောကြောင့် စက်ယန္တရားများနှင့် ထိခိုက်နိုင်သည့်အပြင် တောင်ပြိုမှု ထပ်မံဖြစ်ပေါ်ပါက ပိတ်မိနိုင်သည့်အန္တရာယ်ရှိ၍ သတိပြုစေလိုကြောင်း လမ်းအထူး အဖွဲ့ (၃) မှ အင်ဂျင်နီယာမှူးကြီး ဦးတင်ဆောင်က ဆိုသည်။

တောင်ပေါ်ဒေသဖြစ်ပြီး မိုင်ပေါင်း ၃၀၀ ခန့် ရှည်လျားသည့် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးကို လမ်းတိုးချဲ့အဆင့်မြှင့်တင်မှုများ လက်ရှိပြုလုပ်နေရာ ကျိုင်းတုံမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်ကြားတွင် တောင်ပြိုမှုများ အများဆုံးဖြစ်ပေါ်နေ၍ လမ်းပိတ်ဆို့ကာ ညအိပ်ရပ်နားရသည်အထိ ဖြစ်ပေါ်နေကြောင်း ခရီးသည်ယာဉ်မောင်းများနှင့် ဒေသခံများထံမှသိရသည်။  

R-16



FOLLOW US