News

POST TAGGED AS

တောင်သူ

ရွှေဘိုတွင် စိုက်ပျိုးစရိတ်ချေးငွေ ယခုလကုန်အထိ ထုတ်ချေးပေးမည်


ရွှေဘို၊ ဩဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေကို ယခုလကုန်ပိုင်းအထိ တောင်သူများကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၈ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရန် ကျပ်သိန်းပေါင်း တစ်သိန်းခွဲကျော် လျာထားချက်ရှိပြီး ၂၀၁၇ မိုးစပါး စိုက်စရိတ်ချေးငွေ ကြွေးကျန် မဆပ်နိုင်ကြခြင်းကြောင့် ချေးငွေသစ် ထုတ်ချေးရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်း၊ ၂၀၁၇ မိုးစပါးချေးငွေမှာ ကျပ်သိန်း ၂၉၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း ၎င်းက ပြောဆိုသည်။

ရွှေဘိုမြို့နယ်အတွင်း ကျေးရွာအုပ်စု ၇၂ အုပ်စုအနက် ၅၂ အုပ်စု၊ တောင်သူပေါင်း ၇၅၉၆ ဦး၊ စပါးစိုက်ဧက ၃၅,၀၃၆ ဧက၊ မြေပဲ ၇၅၈၅ ဧက ၊ နှမ်း ၄၁၁၂ ဧက၊ ပဲတီစိမ်း ၃၀၁ ဧကအတွက် ချေးငွေပေါင်း ကျပ်သန်း ၆၆,၁၅၀ သန်းကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း ယင်းဘဏ်မှ စုံစမ်းသိရှိရသည်။

၂၀၁၇ မိုးစပါး ချေးငွေဆပ်ချိန်မှာ ဇန်နဝါရီလမှ ဧပြီလ ၁၅ ရက်နေ့အထိ ချေးငွေဆပ်ချိန်ဖြစ်သော်လည်း တောင်သူများစုမှာ ချေးငွေသစ် ထုတ်ချေးချိန်မှသာ အကြွေးပြန်ဆပ်ကြပြီး ယခုအခါ ကြွေးကျန်ရှိနေသေးသဖြင့် ချေးငွေထုတ်ချေးမှု နောက်ကျနေခြင်းဖြစ်ကြောင်း ဘဏ်မန်နေဂျာ ဦးခင်မောင်လွင်က ပြောဆိုသည်။

“ကြွေးကျန်များတယ်။ ဆပ်ချိန်နောက်ကျတယ်။ မိုးချေးငွေ အသစ်ချေးဖို့ ညွှန်ကြားချက်ရှိတာက မေလနဲ့ ဇွန်လပိုင်းအတွင်း ချေးဖို့ ညွှန်ကြားထားတယ်။ ဒါပေမဲ့ အခုချိန်အထိ ၂၀၁၇ မိုးချေးငွေ ကြွေးကျန်မဆပ်နိုင်တော့ တောင်သူတွေ ကြွေးကျေရင် လျာထားချက်ပြည့်အောင် ချေးပေးနိုင်တယ်”ဟု ၎င်းက ဆိုသည်။

မိုးစပါးစိုက်စရိတ်ရရှိစေရန် နွေစပါးကိုစိုက်ပျိုးကြပြီး နွေစပါးပေါ်ချိန်တွင် စပါးရောင်း၍ ချေးငွေကိုပြန်ဆပ်ကြသော်လည်း ယခုအခါပုလဲသွယ်စပါးအထွက်နှုန်း လျော့နည်းခဲ့သည့်အပြင် ပြင်ပအတိုးနှင့် ရယူထားသည့် ဓာတ်မြေဩဇာဖိုးကြောင့် စိုက်/ဘဏ်ချေးငွေပြန်ဆပ်ရန် အဆင်မပြေနိုင်သေးဘဲ အခက်တွေ့နေရကြောင်း ပန်းရန်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။  

R-09




FOLLOW US