News

POST TAGGED AS

တောင်သူ

မြို့နယ်လေးခုမှ တောင်သူများ လယ်မြေပြန်လည်လုပ်ကိုင်ခွင့် ပြန်လျှောက်မည်
ရန်ကုန်၊ ဇူလိုင် ၂၈

မြို့နယ်လေးခုရှိ လယ်မြေ ဆုံးရှုံးသွားသည့် လယ်သမား ၃၅၁ ဦးသည် လယ်မြေလုပ်ကိုင်ခွင့်အတွက် ဩဂုတ်လ ပထမအပတ်အတွင်း ဒဂုံမြို့နယ်မြေစာ ရင်းရုံးတွင် ပြန်လည်လျှောက်ထားမည်ဖြစ်ကြောင်း အရှေ့ဒဂုံရှိ လယ်သမားဦးမောင်စိုးက ပြောကြားသည်။

အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း လေးမြို့နယ်ရှိ လယ်ယာမြေ ၂၇၇၀ ဧက ဆုံးရှုံးခဲ့ကြောင်းကို ဒဂုံအရှေ့ပိုင်းမြို့နယ်၊ စစ်ပင်တောင်ရပ်ကွက် ဓမ္မာရုံတွင် ဇူလိုင်လ ၂၈ ရက်တွင် လယ်သမားများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။

“အဲဒီအချိန်က မူတွေ ဘောင်တွေနဲ့ ပြောတယ်။ နောက်ပိုင်း ကျွန်တော်တို့ လယ်မြေတွေကို အဲဒီကုမ္ပဏီက တစ်ဧက ၂၅ သိန်းနဲ့ သီးနှံလျော်ကြေးပေးတယ်ဆိုလို့ ကျွန်တော်တို့ ယူခဲ့တယ်။ ဒါပေမဲ့ စာရွက်ထဲမှာ နစ်နာကြေးနဲ့ ကရုဏာကြေးလို့ ရေးထားတယ်။ အဲဒီအချိန်က တစ်ဧကကို ပေါက်ဈေးက သိန်း ၁၀၀ ကျော်တယ်”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် လယ်သမားများ စုပေါင်း၍ ဩဂုတ်လပထမအပတ်တွင် ဒဂုံမြို့နယ် မြေစာရင်းဌာနတွင် လယ်မြေ ပြန်လည်လုပ်ကိုင်ခွင့်ကို ပြန်လည်လျှောက်ထားခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် ၂၀၀၈ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်က သမ္မတဦးသိန်းစိန်က ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီ၊ ယုဇနကုမ္ပဏီ၊ မြင့်ဇေယျကုမ္ပဏီ၊ ဇေယျပရီမီယာကုမ္ပဏီ၊ စိမ်းရွှေလီကုမ္ပဏီငါးခုမှ လယ်သမားများကို စပါးမျိုးသန့် ထုတ်ပေးရန်၊ လယ်ယာသုံးပစ္စည်းများ ပံ့ပိုးပေးရန်နှင့် အကျိုးတူပူးပေါင်းရန် တွေ့ဆုံခဲ့ကြောင်း လယ်သမား ဦးခင်စိုးက ပြောကြားသည်။

လယ်တစ်ဧကကို ကျပ် ၂၅ သိန်းနှုန်းဖြင့် ၂၀၁၃ ခုနှစ်က လယ်သမား ၇၁ ဦးအတွက် လျော်ကြေးပေးပြီးဖြစ်ကြောင်း ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားသည်။

“အဲဒီမှာရှိတဲ့ လယ်သမား ၉၀ ရာခိုင်နှုန်းကျော်က လျော်ကြေးပေးပြီးပါပြီ။ ထွေအုပ်နဲ့ မြေစာရင်းဌာန စိစစ်ပြီးမှ လျော်ပေးခဲ့တာပါ၊ ဗီဒီယိုဖိုင်တွေလည်း ရှိတယ်။ အခုက သူတို့လယ်သမားထဲက လျော်ကြေးကို သားကယူတယ်။ အဖေက မရသေးဘူးပြဿနာတွေ၊ မိသားစုသုံးလေးစုခွဲလို့ မရလို့ ပြဿနာတွေ တက်နေတာပါ။ ကျွန်တော်တို့က ဖြေရှင်းပေးပြီးသားပါ”ဟု ၎င်းက ဆိုသည်။

J-18




FOLLOW US