News

POST TAGGED AS

တောင်သူ

ကျောက်ဆည်ဆင်ပြိုင်ပွဲ အကဲဖြတ်ဒိုင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရန်စီစဉ်

မန္တလေး၊ စက်တင်ဘာ ၃၀

ကျောက်ဆည်မြို့၌ နှစ်စဉ် ကျင်းပသော ဆင်ပွဲတော်တွင် ဘက်လိုက်မှုများ ရှိသည်ဟူသော သတင်းများကြောင့် အကဲဖြတ် အမှတ်ပေးဒိုင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းနိုင်ရန် စီစဉ်နေကြောင်း ယခုနှစ် သီတင်းကျွတ်ပွဲတော်ကာလ ဆင်ပွဲတော်ဖြစ်မြောက်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သူများထံမှ သိရသည်။ 

“ဒီနှစ်ကတော့ ပြင်ဆင်ဖို့အချိန် မရှိတော့ဘူး။ နောက်နှစ်မှာတော့ ဒိုင်တွေကို အများဆန္ဒနဲ့ ပြန်ဖွဲ့ပါမယ်”ဟု ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်အောင်က ပြောကြားသည်။ 

ကျောက်ဆည်မြို့ခံများအနေနှင့် အကဲဖြတ်ဒိုင်အဖွဲ့ကို ပြောင်းလဲဖွဲ့စည်းပေးရန် တောင်းဆိုထားခြင်းနှင့်ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ကိုယ့်ကိုယ်ကိုယ် ယုံမကြည်မှုမရှိတဲ့ ဆင်အဖွဲ့တွေက ဒိုင်တွေကိုလာဘ်ထိုးတာတွေ ရှိနေတယ်။ အခုခေတ်မှာ ဖုန်းနဲ့ အပေး အယူ လုပ်တာ။ ပြိုင်ပွဲမစသေးဘူး ဒီနှစ်တော့ ဘယ်ဆင်အဖွဲ့ ရမယ်လို့ သတင်းဖြစ်နေရင် အဲဒီအဖွဲ့ သေချာပေါက်ကို ရတာပဲ”ဟု ကျောက်ဆည်မြို့ခံ၊ ဆင်အကပညာရှင်တစ်ဦးက ပြောဆိုသည်။

ဆင်ပြိုင်ပွဲနှင့်ပတ်သက်၍ အမှတ်ပေးရာတွင် ဗဟိုဒိုင်၊ ခုံဒိုင် ၂၊ ခုံဒိုင် ၃ ဟူ၍ ရှိရာ ခုံဒိုင် ၂ နှင့် ၃ တွင် ဆင်အကပညာရှင်များ ပါဝင်နိုင်ရန်လည်း သဘောတူထားကြောင်း ယခုနှစ် သီတင်းကျွတ် ပွဲတော်ကာလ ဆင်ပွဲတော်ဖြစ်မြောက်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သူများထံမှ ထပ်မံသိရသည်။ 

အောက်တိုဘာလ ၄ ရက်နေ့ ကျင်းပမည့် သီတင်းကျွတ် ဆင်ပွဲတော်ကို ဝင်ရောက် ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင် ဆင်တိုင်းကို နှစ်သိမ့်ဆု ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့ ဆင်ပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။ 

M-01



FOLLOW US