News

POST TAGGED AS

တောင်သူလယ်သမား

အိန္ဒိယဆောက်မည့် တံတားစီမံကိန်းနှင့် မလွတ်သည့်အရာများ ဖယ်ရှားရန် ကုန်ကျစရိတ်ပေး


ကလေး၊ မတ် ၁၀ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်း အိန္ဒိယက တည်ဆောက်ပေးမည့် တံတားစီမံကိန်းများနှင့် မလွတ်ကင်းသည့်အရာများကို ဖယ်ရှားရာတွင် ကုန်ကျမည့်စရိတ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများထံသို့ ပေးအပ်ခဲ့ကြောင်း တံတားအထူးအဖွဲ့ (၂) မှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်ဝင်းက ပြောကြားသည်။ 

စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသော လျှပ်စစ်မီးတိုင်များ ပြောင်းရွှေ့စိုက်ထူရန် ကုန်ကျစရိတ် ၉,၈၁၅,၃၁၀ ကျပ်ကို ကလေးခရိုင်၊ လျှပ်စစ်အင်ဂျင်နီယာရုံးသို့ လည်းကောင်း၊ စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ဆက်သွယ်ရေးတိုင်နှင့် ဖိုင်ဘာကေဘယ်လ်ကြိုးများ ရွှေ့ပြောင်းစိုက်ထူသွယ် တန်းရန်အတွက် ကုန်ကျစရိတ် ၁၆၆,၃၇၅,၀၀၀ ကျပ်ကို ကလေးခရိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ လည်းကောင်း မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ အစည်းအဝေးခန်းမတွင် ကျင်းပသည့် အစည်းအဝေးတွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ဖယ်ရှားမှု လုပ်ငန်းတွေကတော့ ဒီမတ်လအတွင်း အကုန်လုပ်ရမှာပဲ”ဟု လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်ဝင်းက ပြောဆိုသည်။

ကလေးခရိုင်အတွင်းရှိ တံတားစီမံကိန်းနှင့် မလွတ်ကင်းသည့်အရာများ ဖယ်ရှားရန် ကုန်ကျစရိတ်များ ပေးအပ်သကဲ့သို့ တမူးခရိုင်အတွင်း အိန္ဒိယက တာဝန်ယူတည်ဆောက်မည့် တံတားစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့်အရာများ ဖယ်ရှားရန်အတွက်လည်း ကုန်ကျစရိတ်များ မတ်လ ၉ ရက်နေ့က ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းဌာနနှစ်ခုအပြင် စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် သစ်ပင်များ ရွှေ့ပြောင်းရန်အတွက် ကုန်ကျစရိတ်ကိုလည်း သစ်တောဦးစီးဌာနသို့ ပေးအပ်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း တံတားအထူး အဖွဲ့ (၂) ထံမှ သိရသည်။ 

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သည့် ကလေးဝ-ကျီကုန်း-တမူးပေါ်တွင် တံတားအစင်းပေါင်း ၆၉ စင်းရှိပြီး ကလေးခရိုင်အတွင်း ၄၂ စင်း၊ တမူးခရိုင်အတွင်း ၂၇ စင်းရှိကာ ယင်းတံတားများ အဆင့်မြှင့်တင် တည်ဆောက်ရန်အတွက် အိန္ဒိယနိုင်ငံက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ သုံးနှစ်စီမံကိန်းအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

R-20




FOLLOW US