News

POST TAGGED AS

တောင်သူလယ်သမား

အစိုးရသိမ်းမြေ ၆ ဧကကို တောင်သူများအား ပြန်ပေး
ကလေး၊ ဇန်နဝါရီ ၂၈

စိုက်ပျိုးရေးရှေ့တန်း စခန်းလုပ်ရန် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သိမ်းယူထားသည့် လယ်ယာမြေများအနက် လယ်ယာမြေဧက ခြောက်ဧကကျော်ကို တောင်သူများထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်က ပြောကြားသည်။

ကလေးမြို့နယ် ထိုမာကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးတွင် ၂၀၀၁ ခုနှစ်မှစ၍ တောင်သူသုံးဦးထံမှ လယ်ယာမြေ ၇ ဒသမ ၃၉ ဧကကို စိုက်ပျိုးရေး ရှေ့တန်းစခန်းပြုလုပ်ရန် သိမ်းယူခဲ့ကြောင်း၊ အဆိုပါမြေကို ပြန်လည်ရယူလိုသည်ဟု တောင်သူများက ၂၀၁၄ ခုနှစ်မှ စတင်လျှောက်ထားခဲ့သဖြင့် သိမ်းယူထားသည့် မြေများအနက်မှ ၆ ဒသမ ၇၀၂ ဧကကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“သိမ်းသွားတုန်းကတော့ စိုက်ပျိုးရေးခြံမြေဆိုပြီး သိမ်းသွားတယ်။ အခုပြန်ရတာကြောင့် ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်”ဟု မြေယာပြန်လည်ရရှိခဲ့သည့် တောင်သူဦးသာကွန်းက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဖွဲ့စည်းပြီးနောက် ကလေးမြို့နယ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် သိမ်းယူခံရသည့် မြေယာများ ပြန်လည်ရလိုမှု တိုင်စာပေါင်း ၁၀၀ ကျော်ရှိနေပြီး တိုင်စာအမှုများအနက် ၉၉ မှုကို စိစစ်ပြီးဖြစ်ကြောင်း ယင်းအဖွဲ့တွင် ပါဝင်သည့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးအောင်ဆွေက ပြောကြားသည်။

R-20



FOLLOW US