News

POST TAGGED AS

တောင်သူလယ်သမား

ဘိလပ်မြေစက်ရုံ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းကြောင့် တောင်သူများအခက်ကြုံ


မန္တလေး၊ ဇန်နဝါရီ ၁၄

ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာရှိ ဘိလပ်မြေစက်ရုံ၏ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းခွင်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အခက်အခဲဖြစ်ရကြောင်း ယင်းကျေးရွာမှ တောင်သူများက ပြောကြားသည်။

မှိုင်းပန်ကျေးရွာရှိ သံတော်မြတ်ကုမ္ပဏီပိုင် ဘိလပ်မြေစက်ရုံအနေနှင့် ထုံးတောင်နှင့်တောင်နီမတို့တွင် ကျောက်မိုင်းခွဲနေရာ ကျောက်တုံး၊ ကျောက်ခဲနှင့်ကျောက်မှုန်များ တောင်ယာခင်းများအတွင်း ကျရောက်နေခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။ 

စိုက်ပျိုးရေးလုပ်ငန်းများအတွက် အခက်အခဲဖြစ်လာသည်နှင့်အမျှ သီးနှံထွက်နှုန်းများလည်း ကျဆင်းလာသည်ဟု မှိုင်းပန်ကျေးရွာအုပ်စု ရေကြည်ရွာမှ နေကြာနှင့်ကုလားပဲ စိုက်တောင်သူ ဦးကျော်ရှိန်းက ပြောကြားသည်။

“ဒီကျောက်ထုတ်လုပ်ရေး မလုပ်ခင်က တစ်ဧကဆိုရင်ပဲထားပါတော့ တင်းနှစ်ဆယ်လောက် ထွက်ရာကနေ ကျောက်မှုန်တွေကျတဲ့ နောက်ပိုင်း ငါးတင်းလောက်ပဲ ထွက်တော့တယ်။ ကျောက်မိုင်းခွဲရာက လွင့်စဉ်လာတဲ့ ကျောက်တုံးတွေ ယာထဲကိုကျတာဆိုတော့ အလုပ်သမားတွေကလည်း ကြောက်ကြတော့ မလုပ်ချင်ကြဘူး။ အကုန်ခက်ခဲလာတယ်”ဟု ၎င်းက ပြောဆိုသည်။

တောင်ယာခင်းများအတွင်း ကျောက်တုံးများ ကျရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက တောင်သူများကို နစ်နာကြေးပေးခဲ့ဖူးပြီး နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ပထမအကြိမ်ထက် နှစ်ဆမှ ငါးဆအထိပေးရမည်ဟု နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများရှေ့တွင် လက်မှတ်များရေးထိုးခဲ့ကြသော်လည်း နောက်ပိုင်းတွင် စက်ရုံတာဝန်ရှိသူများက နစ်နာကြေးပေးရန် ငြင်းဆိုလာကြသည်ဟု တောင်သူများက ပြောကြားသည်။

“ကျွန်တော့်လယ်ထဲကို ကျောက်တုံးကြီးတွေ ကျတာနဲ့ပတ်သက်ပြီး ကျောက်တုံးအရွယ်အစားအလိုက် လျော်ကြေးပေးခဲ့တယ်။ နောက်တစ်ခါဖြစ်ရင် ဒီထက် ငါးဆပေးလျော်ပါ့မယ်လို့ ပြောပေမယ့် လျော်ရမှာကများလာတော့ မပေးနိုင်တော့ဘူးဆိုပြီး လုပ်လာတာ”ဟု မှိုင်းပန်ကျေးရွာဒေသခံ ဦးစိန်ကုလားက ပြောဆိုသည်။

အဆိုပါ ထုံးကျောက်တောင်နှင့် တောင်နီမပတ်ဝန်းကျင်တွင် မှိုင်းပန်ရွာ၊ ရေကြည်ရွာနှင့် ကလေးရွာဟူသော ကျေးရွာတို့ရှိနေပြီး ဒေသခံတို့၏ စိုက်ပျိုးမြေဧက ၂၀၀ ခန့်အတွင်း ကျောက်မှုန်များ ကျရောက်နေသည်ဟု တောင်သူများအဆိုအရ သိရသည်။

“ကျွန်တော်တို့စက်ရုံအနေနဲ့ ကျောက်တုံးတွေကျတာနဲ့ပတ်သက်ပြီး တောင်သူတွေကို နစ်နာကြေးပေးခဲ့တာတွေ ရှိပါတယ်။ အခုချိန်ထိဆိုရင် သိန်းလေးရာကျော်လောက်အထိ ပေးထားပါတယ်။ နောက်ဆုံးတစ်ကြိမ်ဖြစ်တာက ကျောက်မိုင်းခွဲတာကြောင့် မဟုတ်ဘဲ လုပ်ကွက်အတွင်းက ကျောက်တုံးတွေ မိုးများလို့ ရေစီးကြောင်းနဲ့လိမ့်ကျတာမျိုး ဖြစ်သွားတာလို့ သိထားပါတယ်။ ကျွန်တော်တို့စက်ရုံမှာလည်း အခြားကိစ္စတွေနဲ့ရှုပ်နေလို့ တောင်သူတွေနဲ့ညှိနှိုင်းတာမျိုး မလုပ်နိုင်သေးတာပါ၊ တောင်သူတွေအနေနဲ့ နစ်နာနေတယ်ဆိုတာမျိုး တစ်ဖက်သတ်ကြီး မထင်စေချင်ပါဘူး”ဟု သံတော်မြတ် ဘိလပ်မြေစက်ရုံ စီမံခန့်ခွဲမှုမန်နေဂျာ ဦးတင်ဝင်းအောင်က ပြောကြားသည်။ 

M-04




FOLLOW US