News

POST TAGGED AS

တောင်ငူ

တောင်ငူတွင် သံချပ်ဆင်ဆာမဖြတ်
တောင်ငူ၊ မတ်၂၁

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ မဟာသင်္ကြန်ပွဲတော် ဆုပေးမဏ္ဍပ်များနှင့် ဗဟိုမဏ္ဍပ်များတွင် ဖျော်ဖြေမည့် သံချပ်အဖွဲ့များကို ဆင်ဆာဖြတ်တောက် စိစစ်သွားရန် မရှိကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးက ပြောကြားသည်။

“သံချပ်စာသားကို ဖြတ်တောက်မှာ မဟုတ်တဲ့အတွက် သံချပ်အဖွဲ့က ကိုယ့်တာဝန် ကိုယ်ယူဖို့ပဲ လိုတယ်”ဟု ၎င်းက ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီး ခရိုင်မြို့ကြီးများ၌ လွန်ခဲ့သော နှစ်၂၀ ခန့်က တပ်မတော် အစိုးရလက်ထက်မှာပင် သံချပ်အဖွဲ့ပေါင်း များစွာဖြင့် ခေတ်စနစ်ကို ထင်ဟပ်ပြီး အပြုသဘော ဆောင်သော စာသားများဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုဆုပေးမဏ္ဍပ်ကြီးများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း၊ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်း တရားဝင် ယှဉ်ပြိုင်ခွင့် မရတော့ဘဲ ဖြေဖျော်ရေးအသွင် ဆောင်သော သံချပ်အဖွဲ့များသာ ရှိတော့ကြောင်း တောင်ငူမြို့ခံ သံချပ် ဝါသနာရှင် အမျိုးသားတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ် ရပ်ကွက် ကျေးရွာများရှိ မဏ္ဍပ်များတွင် သာမက ဗဟိုမဏ္ဍပ် အပါအဝင် ဆုပေးမဏ္ဍပ်ကြီးများတွင် သံချပ်ပြိုင်ပွဲများ ကျင်းပခဲ့ဖူးပြီး ၁၉၉၆ ခုနှစ်ခန့်မှစတင်ကာ သံချပ် ထိုးခွင့် ရုပ်သိမ်းခဲ့ကြောင်း၊၂၀၁၅ ခုနှစ်က စတင်ကာ သံချပ် အဖွဲ့အချို့ ပြန်လည် ဖြေဖျော်ခွင့် ပြုခဲ့သော်လည်း ဗဟိုမဏ္ဍပ်တွင် ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း တောင်ငူမြို့ခံ သံချပ်အဖွဲ့များထံမှ စုံစမ်း သိရှိရသည်။

“ဒီနှစ်တော့ ကျောင်းတော်သားအဖွဲ့ အပါအဝင် သံချပ်အဖွဲ့ ထွက်ဖို့ပြင်ဆင်နေကြတယ်၊ စိတ်မကောင်းတာက ပဲခူးတိုင်းမှာ သံချပ်မြို့လို့ ပြောလို့ရတဲ့ တောင်ငူမှာ ဗဟိုမဏ္ဍပ်ကြီးတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတော့တာပါ၊ ဖြစ်နိုင်မယ်ဆို ယှဉ်ပြိုင်ခွင့် ပေးစေချင်တယ်”ဟု ကျောင်းတော်သား သံချပ်အဖွဲ့မှ ဦးကျော်က ပြောကြားသည်။

၁၉၉၀ ခုနှစ်များက တောင်ငူမြို့ခံ သံချပ်အဖွဲ့များ ဖြစ်ကြသည့် ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း၊ အဖြူရောင် အသည်း၊ ဧည့်သည်၊ ကျောင်းတော်သား၊ ပေါက်ပင် ဘာလို့ ကိုင်းရတယ် စသည့် သံချပ်အဖွဲ့ပေါင်း များစွာက တောင်ပိုင်း တိုင်းစစ်ဌာနချုပ် ဆုပေးမဏ္ဍပ်ကြီးမှာပင်လျှင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ညလုံးပေါက် သံချပ် လှည့်လည် ထိုးခဲ့ကြကြောင်း တောင်ငူမြို့ခံ အချို့က ပြောဆိုသည်။



FOLLOW US