News

POST TAGGED AS

တောင်ငူ

အမြန်လမ်း ကျူးကျော်ဆိုင်ခန်းတစ်ခုကို တရားစွဲဆိုမှု ပြန်ခေါ်သက်သေစစ်ဆေး
တောင်ငူ၊ ဇူလိုင် ၃

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၅၄ အနီးရှိ ထမင်းဆိုင်ပိုင်ရှင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး ကြီးကြပ်မှု အင်ဂျင်နီယာရုံးမှ တရားစွဲဆိုခြင်းကို ဇူလိုင် ၂ ရက်နေ့က ပြန်ခေါ်သက်သေ စစ်ဆေးခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။

“တောင်ငူမြို့နယ် တရားရုံးမှာ သက်သေထွက်ဆိုချက်ပေးဖို့ သွားခဲ့ပါတယ်။ ငှားထားတဲ့ ရှေ့နေခွင့်တိုင်ကြားပြီးနောက် လာမယ့်အပတ် ထပ်ချိန်းခဲ့ပါတယ်”ဟု တရားစွဲဆိုသူ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

အမြန်လမ်း မိုင်တိုင် ၁၅၄ အနီး ဒေါ်နီနီဝင်းပိုင် ကြက်သားကာလသားဆိုင် (ထမင်းဆိုင်) လမ်းနယ်မြေကို ကျူးကျော်ဆိုင်ခန်း ဖွင့်လှစ်သည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလခန့် ဇီးပင်သာအမြန်လမ်းရဲစခန်းတွင် အမှုဖွင့်လှစ်တရားစွဲဆိုခဲ့ပြီး တရားလိုနှင့် တရားပြိုင်များကို တောင်ငူမြို့နယ်တရားရုံးတွင် စစ်ဆေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် တရားသူကြီး ဦးမျိုးမင်းအောင်လက်ထက် တရားလိုသက် သေပြန်ခေါ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း တရားလိုနှင့် တရားပြိုင်များထံမှ သိရသည်။

အဆိုပါ ထမင်းဆိုင်မြေနေရာသည် မိဘဘိုးဘွားများလက်ထက် နှစ်ပေါင်း ၅၀ ကျော်ကတည်းက ဓားမဦးချ လုပ်ကိုင်စားသောက်ခဲ့သည့် ယာမြေများဖြစ်ကာ ကုန်ထုတ်လမ်းဖောက်လုပ်စဉ်ကလည်း ဆိုင်ခန်းနှစ်ခန်း ဖျက်ပေးခဲ့ရပြီး အကာအရံများ လာရောက်ကာရံစဉ်က ကားဝင်ပေါက်တစ်ခု ထားပေးရန် တင်ပြပြောဆိုခြင်းကို တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း တရားစွဲခံရသူ ဒေါ်နီနီဝင်းက ပြောကြားသည်။

ဒေါ်နီနီဝင်းကို အမြန်လမ်း ပြုပြင်ထိန်းသိမ်းမှု ကြီးကြပ်ရေး အင်ဂျင်နီယာမှူးရုံးမှ အင်ဂျင်နီယာတစ်ဦးက အမြန်လမ်းမကြီးများ ဥပဒေပုဒ်မ ၂၀/ ၂၁ ဖြင့် အမှုဖွင့်လှစ်ထားသည်။

R-15



FOLLOW US