News

POST TAGGED AS

တောင်ငူ

ဖခင်ရင်းက သမီးကို အဓမ္မပြုကျင့်မှု ကိုယ်ဝန်ရှိမှပေါ်ပေါက်
တောင်ငူ၊ ဇွန် ၂၀

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့ရှမ်းရွာတွင် ဖခင်ရင်းက သမီးကို အဓမ္မပြုကျင့်သည်ကို ကိုယ်ဝန်ရှိချိန်မှ စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ဖခင်ကို မုဒိမ်းမှုဖြင့် အမှုဖွင့်လှစ်လိုက်ကြောင်း ဆွာနယ်မြေ ရဲစခန်းထံမှ သိရသည်။

ရှမ်းရွာတွင်နေထိုင်သူ အသက် ၁၃ နှစ်အရွယ်ရှိသူ သမီးကို ဖခင်က အဓမ္မပြုကျင့်ပြီး ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

“ကလေးမလေးမိခင်က ဆုံးသွားတာကြာပြီ။ အခုအဓမ္မကျင့်တဲ့ သူက ဖခင်အရင်းဖြစ်ပြီး ပျံကျလုပ်ကိုင်စားသောက်နေတဲ့လူပါ။ ဘေးပတ်ဝန်းကျင်က မသင်္ကာလို့ စစ်ဆေးတော့မှ ကိုယ်ဝန်ရှိကြောင်း သိရတာပါ”ဟု ဆွာမြောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

ဇွန်လ ၁၈ ရက်နေ့က အိမ်နီးချင်း အမျိုးသမီးတစ်ဦးက မသင်္ကာသဖြင့် ဆီးစစ်ဆေးသည့် ကိရိယာဖြင့် ခေါ်ယူစစ်ဆေးပေးရာမှ မိန်းကလေးတွင် ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ခြင်းဖြစ်သည့်အတွက် အဆိုပါ အမျိုးသားကို ဆွာနယ်မြေ ရဲစခန်း က(ပ)၈၈ / ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US