News

POST TAGGED AS

တောင်ငူ

အုတ်တွင်း၌ လင်မယား စကားများပြီး နေအိမ်ကို မီးရှို့
တောင်ငူ၊ ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ နတ်ရေတွင်း ကျေးရွာတွင် ဧပြီ ၂၅ ရက်နေ့ ညပိုင်းက လင်မယားချင်းစကားများရန်ဖြစ်ရာမှ ယောကျာ်းဖြစ်သူက နေအိမ်ကိုမီးနှင့်ရှို့ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ညောင်ခြေထောက်နယ်မြေရဲစခန်းထံမှ သိရသည်။ 

“မိန်းမကို အကြွေးတောင်းခိုင်းတာမရတော့ နှစ်ယောက်စကားများရာကနေ တဲသာသာနေအိမ်ကို မီးနဲ့ရှို့ပြီး ထွက်ပြေးသွားတာပါ။ တရားခံကို ဖမ်းဆီးဖို့ စုံစမ်းစစ်ဆေးနေဆဲပါ” ဟု ညောင်ခြေထောက် နယ်မြေရဲစခန်းမှတာဝန်ရှိသူ ရဲအရာရှိက ပြောကြားသည်။

ဖြစ်စဉ်မှာ ညောင်ခြေထောက်မြို့ နတ်ရေတွင်းကျေးရွာနေ ဦးကျော်သူရ (ခ) ကုလား (၃၂ နှစ်) ဆိုသူသည် ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ ကြံရွက်မိုး၊ ထရံကာခြေတံရှည်အိမ်ကို မီးနှင့်ရှို့ကာ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည့်အတွက် မီးလောင်ကျွမ်းပြီး ၅၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့သော်လည်း နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ညောင်ခြေထောက်နယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ကျော်သူရ (ခ) ကုလားကို ညောင်ခြေထောက်နယ်မြေရဲစခန်းက (ပ)၂၇/၂၀၁၈ ရာဇ သတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်လှစ်စစ် ဆေးဆောင်ရွက်ထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US