News

POST TAGGED AS

တောင်ငူ

သရုပ်ဆောင် သာထက်ဉာဏ်ဇော် ကား အမြန်လမ်းတွင် တိမ်းမှောက်၊ မိခင်နှင့် ညီဖြစ်သူ သေဆုံး


တောင်ငူ၊ ဧပြီ ၁၈ 

ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင် ၂၁၇ အနီးတွင် ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က MRTV - 4 ရုပ်သံဇာတ်လမ်းတွဲမှ သရုပ်ဆောင် သာထက်ဉာဏ်ဇော်အပါအဝင် မိသားစုဝင်များ လိုက်ပါစီးနင်းလာသည့်ကား အရှိန်လွန်တိမ်းမှောက်ခဲ့ရာမှ ၎င်း၏မိခင်ဖြစ်သူနှင့် ညီဖြစ်သူ (ယာဉ်မောင်း) တို့ သေဆုံးခဲ့ကြောင်း ပန်းတင်အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ကားက မန္တလေးကနေ ရန်ကုန်ဘက် ပြန်လာတာဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာ နှစ်ယောက်သေဆုံးခဲ့ပါတယ်။ ယာဉ်ပေါ်လိုက်ပါလာသူထဲက ကလေးတစ်ယောက်နဲ့အမျိုးသားတစ်ဦးဒဏ်ရာရရှိပေမယ့် သရုပ်ဆောင်သာထက်ဉာဏ်ဇော်က ဒဏ်ရာနည်းနည်းပါးပါးပဲရတယ်” ဟု ပန်းတင်အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

အဆိုပါနေ့ နံနက်ပိုင်းက မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ အသက်၂၀ အရွယ် ဦးရဲရင့်မောင်မောင်းနှင်ပြီး ယာဉ်ပေါ်တွင် သရုပ်ဆောင်သာထက်ဉာဏ်ဇော်အပါအဝင် အသက် ၅၀ အရွယ် ဦးမောင်မောင်၊ အသက် ၄၀ အရွယ် ဒေါ်အေးအေးလွင်နှင့် အသက် ၁၁ နှစ်အရွယ် မမိုးပြည့်ပြည့်တို့ လိုက်ပါလာသည့်ကားသည် မိုင်တိုင် ၂၁၇ အနီးအရှိန်လွန်ကာ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့သည့်အတွက် ယာဉ်မောင်းအမျိုးသားနှင့် ဒေါ်အေးအေးလွင်တို့နှစ်ဦး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းကို ပန်းတင်အမြန်လမ်းရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၂/ ၂၁၀၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-15



FOLLOW US