POST TAGGED AS

တောင်ငူ

01-Apr-2018

လူသေမှု တောင်ငူ
တောင်ငူတွင် ရေမြောင်းအတွင်း၌ အမျိုးသမီး ၂ ဦး အလောင်းတွေ့
တောင်ငူ၊ မတ် ၃၁

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဘိုကတော်ကျေးရွာအုပ်စု အင်ဒိုင်းကျေးရွာအနီး အင်ဒိုင်းဆည်မှ ရေပေးဝေသည့်မြောင်းအတွင်း၌ သေဆုံးနေသည့် အမျိုးသမီး ၂ ဦးအလောင်းကို မတ်လ ၃၀ ရက်နေ့က တွေ့ရှိကြောင်း တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရသည်။

မတ်လ ၂၉ ရက်နေ့လယ်ပိုင်းက အင်ဒိုင်းကျေးရွာနေ ဒေါ်စန်းစန်းအေး (၁၈ နှစ်) ဆိုသူသည် တစ်ရွာတည်းအတူနေသူ ဒေါ်စန်းစန်းဝင်း (၂၂ နှစ်) ကို ဆိုင်ကယ်ဖြင့်ခေါ်ဆောင်မောင်းနှင်သွားပြီးနောက် ညပိုင်းအထိပြန်မလာသဖြင့် လိုက်လံရှာဖွေသော်လည်း မတွေ့ခဲ့ဘဲ မတ်လ ၃၀ ရက်နေ့တွင် ထပ်မံရှာဖွေရာမှ ညနေ ၅ နာရီခွဲခန့်တွင် အင်ဒိုင်းဆည်မြောင်းလက်တံတစ်ခုတွင် ရေနစ်သေဆုံးနေသည့်ပုံစံဖြင့် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း တောင်ငူမြို့နယ်အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရသည်။

“အလောင်းတွေ တွေ့တဲ့အချိန်မှာ ရေနစ်သေဆုံးထားတဲ့ လက္ခဏာလို့ယူဆရတဲ့ အနေအထားတွေ့ရတယ်။ လက်ရှိအချိန်ထိတော့ ဆိုင်ကယ်ကိုရှာဖွေနေဆဲ ဖြစ်ပါတယ်။ အရှိန်လွန်ပြီး ဆိုင်ကယ်ပြုတ်ကျပုံရပါတယ်” ဟု အမှတ် (၂) နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ် ၃/၂၀၁၈ ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US