News

POST TAGGED AS

တောင်ငူ

ကုန်တင်ကားများကို တန်ပိုသယ်ဆောင်ခွင့် ပိတ်လိုက်၍ ကားတစ်စီးလျှင် ကျပ်ငါးသောင်းမှ တစ်သိန်းကျော်အထိ နစ်နာ
တောင်ငူ၊ ဖေဖော်ဝါရီ ၂၈

ကုန်တင်ကားများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တန်ပိုသယ်ဆောင်ခွင့် ပိတ်ပင်လိုက်သည့်အတွက် ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအတွက် ကုန်တင်ယာဉ်တစ်စီးလျှင် ကျပ်ငါးသောင်းမှ တစ်သိန်းအထိ နစ်နာကြောင်း ၎င်းတို့ထံမှသိရသည်။

အဆိုပါ ဝန်ကြီးဌာနက ယခင်က ၁၀ ဘီး၊ ၁၂ ဘီးယာဉ်များကို တစ်တန်နီးပါးနှင့် တွဲကား (၁၈ နှင့် ၂၂ ဘီးယာဉ်) များကို ၂ တန်အထိ တန်ပိုသယ်ဆောင်ခွင့်ပြုထားခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၍ ယာဉ်တန်ချိန်အလိုက် ကတ္တားပြောင်းလဲမှုကို ခံနိုင်ရန် တန်ပိုသတ်မှတ်ချက်ပေးခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“ကုန်ကပါးတဲ့အပြင် ဈေးတက်ယူလို့မရဘူး။ အရင် ဆလရ (ဆောက်လုပ်ရေးဝန်ကြီးဌာန) က ပေးထားတဲ့ ဝ ဒသမ ၉၉ တန်က နည်းတယ်လို့ ပြောလို့မရဘူး။ အခုလို တန်လျှော့ချလိုက်တဲ့ အနေအထားက ၁၂ ဘီးတောင် ငါးသောင်းလောက် နစ်နာသွားရတယ်။ တွဲကားဆို ၂ တန်ကျော် ပြန်ချလိုက်တာဆိုတော့ တွက်သာတွက်ကြည့်တော့”ဟု ကုန်တင်ကားလုပ်ငန်းရှင် ဦးထူးထူးနိုင်က ပြောကြားသည်။ 

တောင်ငူတွင် နှစ်စဉ်ပွင့်လင်းရာသီ၌ ကုန်တင်ကား အဆွဲကောင်းခဲ့သော်လည်း ယခုနှစ်အတွင်း ကောင်းမွန်ခြင်းမရှိသည့်အပြင် ထိုသို့ပိတ်ပင်လိုက်သည့်အတွက် လုပ်ငန်းလုပ်ကိုင်ရသည်မှာ ပိုမိုခက်ခဲနေကြောင်း ကုန်တင်ကားလုပ်ငန်းရှင်များက ဆိုသည်။

ထိုသို့ ပိတ်ပင်လိုက်သည့်အတွက် ဆန်စပါးနှင့် အခြားသီးနှံများကိုသာ အားကိုးနေရသည့် နယ်လုပ်ငန်းရှင်များကို ပိုမိုထိခိုက်စေပြီး လက်ရှိကုန်တင်ယာဉ် ပိုင်ရှင်များအနေနှင့် ရန်ကုန်-တောင်ငူ အသွားအပြန်တစ်ကြောင်းလျှင် ၁၂ ဘီး ယာဉ်တစ်စီးလျှင် ဆီဖိုး ၁၆၀၀၀၀ ကျပ်၊ လမ်းတံတားကြေး ၈၀၀၀၀ ကျပ်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်ကြေး ၈၀,၀၀၀ ကျပ်ခန့် ကုန်ကျသည့်အတွက် တန်ပိုသယ်ခွင့်ရပ်ပါက ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် တံတားဖြတ်သန်းခများကို ကင်းလွတ်ခွင့်ပေးစေလိုကြောင်း ကုန်တင်ကားကြီးပိုင်ရှင်များက တောင်းဆိုသည်။

တောင်ငူမြို့ ကုန်စည်ဈေးကွက်သည် ပွင့်လင်းရာသီကာလများတွင် ရန်ကုန်သို့ မုန့်ခြောက်ပစ္စည်းနှင့် ပဲ၊ နှမ်းကဲ့သို့သော စားသောက်ကုန်များနှင့် မန္တလေးသို့ ဆန်တင်ပို့မှုကို အဓိကလုပ်ကိုင်ကြရကြောင်း တောင်ငူမြို့ ကုန်စည်တင်ပို့မှုလုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။ 

R-15



FOLLOW US