News

POST TAGGED AS

တောင်ငူ

အမေရိကန်မှ စေတနာ့ဝန်ထမ်း ဆရာ ၃၂ ဦး အင်္ဂလိပ်စာ သင်ပေးမည်
တောင်ငူ၊ ဇန်နဝါရီ ၂၉

အမေရိကန်နိုင်ငံမှ စေတနာ့ဝန်ထမ်း ဆရာ ၃၂ ဦးက ရန်ကုန်နှင့် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ အခြေခံပညာကျောင်းအချို့တွင် အင်္ဂလိပ်စာ သင်ကြားပေးရန်အတွက် ဇန်နဝါရီလ ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 

“ပဲခူးမှာတော့ ဇွန်လလောက်ကတည်းက စာသင်ကြားပေးနေတဲ့ ဆရာ ဆရာမတွေ ရှိပါတယ်၊ အခု ထပ်ရောက်နေတာ ၃၂ ယောက်လို့ သိပေမယ့် ဘယ်လောက်ရမယ်ဆိုတာ မသိရသေးပါဘူး”ဟု ပဲခူး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ် မတ်လက ပဲခူးတိုင်းရှိ အထက်တန်းကျောင်းအချို့နှင့် ရန်ကုန်တိုင်းရှိ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် အင်္ဂလိပ်စာ သင်ကြားပေးရန် အမေရိကန်နိုင်ငံ (Peace Corps)မှ စေတနာရှင်ဝန်ထမ်း ၂၀ ကျော် စတင်ရောက်ရှိခဲ့ပြီး ယခုပညာသင်နှစ်မှစတင်ပြီး သင်ကြားပေးလျက်ရှိသည်။ 

စေတနာ့ဝန်ထမ်းများက မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာနှင့် ဘာသာစကား သင်ကြားရန် ၂ နှစ် တာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး တာဝန် မထမ်းခင်မှာ အကြိုသင်တန်းများကို တက်ရောက်ရမည်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ အစီအစဉ်ကို ပညာရေးဝန်ကြီးဌာနနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပထမဆုံးအကြိမ်တွင် ရောက်ရှိသူ ၆ ဦးကို ရန်ကုန်တွင် သင်တန်းပေးခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၇ ခုနှစ် မတ်လက ဒုတိယအသုတ်အနေနှင့် စေတနာ့ဝန်ထမ်း ၂၀ကျော် ရောက်ရှိပြီး ရန်ကုန်တိုင်းမြို့နယ်အချို့နှင့် ပဲခူးတိုင်း ကမာဆဲမြို့၊ သနပ်ပင်မြို့နယ်များတွင် စတင် တာဝန်ထမ်းဆောင်နေကြောင်း၊ ထပ်မံ ရောက်ရှိသူ ၃၂ဦးကို တိုင်းနှင့်ပြည်နယ် သုံးခုတွင် ထားရှိမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး (စီမံဌာန)မှ ဒေါက်တာ ဖြိုးမမဌေးက ပြောကြားသည်။

လွန်ခဲ့သော ၆ လခန့်က သနပ်ပင်မြို့တွင် တာဝန် ထမ်းဆောင်နေသော အမေရိကန်နိုင်ငံသူ ဆရာမလေးက မြန်မာရင်ဖုံး ကျောင်းစိမ်းဝတ်စုံဖြင့် ဌာနဆိုင်ရာတွေ့ဆုံပွဲတစ်ခုတွင် အခမ်းအနားမှူး ဆောင်ရွက်ပုံ၊ ကဗျာလွတ်အက ကနေပုံများကို လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ 

အမေရိကန်နိုင်ငံ Peace Corps မှ စေတနာ့ဝန်ထမ်များသည် ၁၉၆၁ ခုနှစ်ခန့်ကစတင်ပြီး စေတနာ့ဝန်ထမ်း ၂၂၅,၀၀၀ ကျော်ခန့်ဖြင့် နိုင်ငံပေါင်း ၁၄၁ ခုတွင် တာဝန် ထမ်းဆောင်ခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံအတွင်း ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း Peace Corps Myanmar ထံမှ သိရသည်။ 
 
R-15



FOLLOW US