News

POST TAGGED AS

တောင်ငူ

တောင်ငူ၊ နေပြည်တော်တစ်ဝိုက် ဆန်စက်အချို့ နဝလီကို အားကိုးနေရ
တောင်ငူ၊ ဇန်နဝါရီ ၁၄

ယခုရက်ပိုင်းအတွင်း စပါးဈေးထက် ဆန်ဈေးနိမ့်နေသဖြင့် တောင်ငူ၊ နေပြည်တော်တစ်ဝိုက်ရှိ ဆန်စက်များအနေနှင့် စပါးကို ဈေးကွက်သို့တင်ပို့ရန် ဝယ်ယူကြိတ်ခွဲခြင်းထက် ပြင်ပဆန်စပါး ကြိတ်ခွဲခြင်း (နဝလီ) ကို အားကိုးနေရကြောင်း ဒေသတွင်း ဆန်စက်ပိုင်ရှင်များထံမှ သိရသည်။ 

ဇန်နဝါရီလ ဒုတိယပတ်တွင် စပါးဈေးတင်းတစ်ရာလျှင် ကျပ်ငါးသိန်းသုံးသောင်းခန့်ရှိပြီး ဆန်တစ်အိတ်လျှင် ကျပ်တစ်သောင်းကိုးထောင်သာ ရရှိကြောင်း၊ ဆန်ကုန်သည်များအနေနှင့် စပါးကိုကိုင်ထားပြီး ဆန်စက်ရှိသော ကုန်သည်များကလည်း စပါးကို မကြိတ်ကြကြောင်း၊ ယင်းကြောင့် ပြင်ပမှလာရောက်ကာ ဆန်ကြိတ်ခွဲသူကိုသာ အားကိုးနေရကြောင်း နေပြည်တော်ကောင်စီနယ်မြေ သာဝတ္ထိမြို့မှဆန်စက်ပိုင်ရှင် ကုန်သည်တစ်ဦးက ပြောကြားသည်။

ယခုနှစ် မိုးစပါးပေါ်ချိန် စပါးဈေး ကျပ်ငါးသိန်းခွဲကျော် ရရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် ဆန်ကြမ်းဈေးသာမက စပါးဈေးပါ အနည်းငယ်ကျဆင်းခဲ့သဖြင့် နယ်ကုန်သည်ကြီးအချို့နှင့် ဆန်စက်ပိုင်ရှင်ကြီးအချို့သည် စပါးကြိတ်ခွဲမှုထက် လက်ထဲတွင်ရှိသော ဆန်ကို ရောင်းဝယ်နေရကြောင်း တောင်ငူမြို့ခံ ဆန်ကုန်သည်ကြီးအချို့က ဆိုသည်။

စပါးတင်းတစ်ရာလျှင် ဆန်အိတ်ရေ ၂၄ အိတ်ခန့်သာ ထွက်ရှိနိုင်သည့်အတွက် ဆန်တစ်အိတ်ဈေး ကျပ်တစ်သောင်းကိုးထောင်နှင့် တွက်ပါက ကျပ်လေးသိန်းငါးသောင်းကျော်သာ ရရှိနိုင်ကြောင်း၊ ယင်းကြောင့် ကုန်သည်ပွဲစားအနေနှင့် ကျပ်ရှစ်သောင်းနီးပါး အရှုံးပေါ်မည်ဖြစ်သောကြောင့် ရန်ကုန်၊ မန္တလေး ဈေးကွက်အဝယ် လျော့နည်းနေသည့်အတွက် ဆန်စပါးရောင်းဝယ်မှု လုပ်ငန်းများကို ဒေသတွင်းဈေးကွက်တွင်သာ ဦးစားပေးရောင်းဝယ်နေကြကြောင်း ဆန်စပါးကုန်သည်အချို့ထံမှ သိရသည်။ 

R-15



FOLLOW US