News

POST TAGGED AS

တောင်ငူ

တောင်ငူတွင် ကရင်ရိုးရာဟင်း စားသောက်ရာမှ လူ ၄၀ ကျော် အစာအဆိပ်သင့်
တောင်ငူ၊ ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ ဘုရားကျောင်းတွင် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီခန့်က ကရင်ရိုးရာဟင်း စားသောက်ရာမှ ကလေးငယ်နှင့် လူကြီးအပါအဝင် လူ ၄၄ ဦးခန့် အစာဆိပ်သင့်ခဲ့ကြောင်း ကျောက်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။ 

“ဘုရားကျောင်းမှာ ကျွေးမွေးတာက ကရင်ရိုးရာ ဝက်သား တာလဘောဟင်းနဲ့ ကြက်ဥကြော်ကျွေးတယ်လို့ သိရတယ်။ နေ့လယ်လောက်မှာ လူကြီးအချို့နဲ့ ကလေးအချို့ အော့အန်တာ၊ ဝမ်းပျက်တာတွေ ဖြစ်လာတော့ ကျောက်တိုင်ဆေးခန်းမှာ သွားပြကြရာက ကလေးငယ်နဲ့ လူကြီး ၂၀ လောက်ကို တောင်ငူဆေးရုံ ပို့ဆောင်လိုက်ရတာပါ။ ဆေးရုံကနေ အချို့က နေ့ချင်းပြန်ဆင်းလာပေမယ့် တချို့ဆက်လက်ကုသနေရပါတယ်” ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် ရေတွင်းကုန်းကျေးရွာ၌ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ယာယီဆေးပေးခန်းတစ်ခု ဖွင့်လှစ်ပေးကာ ဆေးကုသမှုပေးလျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။ 

“ကျန်းမာရေးဌာနက သွားရောက်စစ်ဆေးချိန် အစာနမူနာကလည်း မကျန်တော့ဘူး။လတ်တလော စစ်ဆေးသုံးသပ်ချက်အရ အစာအဆိပ့်သင့်တာမျိုးမဟုတ်ဘဲ ဝမ်းပျက်ဝမ်းလျှောရောဂါပိုးကြောင့် ဖြစ်တယ်လို့ယူဆတယ်” ဟု တောင်ငူခရိုင်၊ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အိအိမင်းနောင်က ပြောဆိုသည်။ 

R-15



FOLLOW US