News

POST TAGGED AS

တောင်ငူ

ဆန်ချောဈေး ဆက်ကျ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ပြည်တွင်းအဓိက စားသုံးသော ဆန်ချောအမျိုးအစားများဖြစ်သည့် ရွှေဘိုပေါ်ဆန်း (အဟောင်း) နှင့် ပေါ်ဆန်းဆန် (အသစ်) ဈေးများ ယခုရက်ပိုင်းအတွင်း ဆက်လက်ကျဆင်းပြီး ဆန်ကြမ်းဈေးတက်ကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းဆန် ဈေးကွက်များအတွင်းမှ သိရသည်။

ပေါ်ဆန်းဆန်သစ်သည် ပြီးခဲ့သည့်အပတ်က တစ်အိတ်လျှင် ကျပ် ၅၀ဝ ခန့် ကျဆင်းခဲ့ရာမှ ယခုရက်ပိုင်းအတွင်း တစ်အိတ်လျှင် ကျပ် ၅၀၀ ခန့် ထပ်မံကျဆင်းပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ပြီးခဲ့သည့်အပတ်ကထက် ကျပ် ၁၀၀၀ ခန့်ကျဆင်းကြောင်း၊ ဆန်ကြမ်းအမျိုးအစားဖြစ်သည့် ရက် ၉၀ ဆန်သစ် (ရှယ်) တစ်အိတ်လျှင် ကျပ် ၅၀၀ ခန့်မြင့်တက်ကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။

ဆန်ချောဈေးနှုန်းများသည် အဝင်ပုံမှန်ပြန်လည်ရှိလာခြင်းနှင့် အရောင်းအဝယ် အေးစက်ခြင်းတို့ကြောင့် ကျဆင်းခြင်းဖြစ်ပြီး ဆန်ကြမ်းမှာမူ ပြည်ပဝယ်လိုအား ကောင်းမွန်ခြင်းကြောင့် ဈေးတက်ခြင်းဖြစ်ကြောင်း ဆန်ဈေးကွက်များအတွင်းမှ သိရသည်။

လက်ရှိရန်ကုန်မြို့၏ အဓိက ဆန်ဈေးကွက်များဖြစ်သည့် ဘုရင့်နောင်နှင့် ဝါးတန်းဆန်ဈေးကွက် နှစ်ခုအတွင်းသို့ တစ်ရက်လျှင် ဆန်အိတ်ရေ ခြောက်သောင်းမှ ရှစ်သောင်းခန့် ဝင်ရောက်ကြောင်း ယင်း ဆန်ဈေးကွက်များအတွင်းမှ သိရသည်။

လက်ရှိဆန်ဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း (အဟောင်း) တစ်အိတ်လျှင် ကျပ် ၅၅,၀၀၀ မှ ၅၇,၀၀၀ ခန့်အထိ၊ ပေါ်ဆန်းဆန် (အသစ်) တစ်အိတ်လျှင် ကျပ် ၂၇,၀၀၀ မှ ၂၈,၅၀၀ အထိနှင့် ရက် ၉၀ ဆန်သစ် (ရှယ်) တစ်အိတ်လျှင် ကျပ် ၂၃,၅၀၀ မှ ၂၄,၀၀၀ ခန့်အထိဈေးရှိကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ လက်ကားဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်းများ အပြောင်းအလဲ ဖြစ်ပေါ်နေသော်လည်း လက်လီဈေးကွက်အတွင်း၌မူ ဆန်ဈေးသည် အတက်ဈေးဖြင့်သာ ရောင်းချနေကြောင်း စားသုံးသူ များထံမှသိရသည်။

S-04



FOLLOW US