News

POST TAGGED AS

တောင်ငူ

23-Dec-2017

တောင်ငူ
အုတ်တွင်းမြို့ရှိ ကျေးရွာသုံးရွာတွင် စစ်တောင်းမြစ်ကမ်းပြို
တောင်ငူ၊ ဒီဇင်ဘာ၂၃

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာအုပ်စုရှိ ဝါးတီးရွာအပါအဝင် ရွာသုံးရွာခန့်မှာ နိုဝင်ဘာလဆန်းမှစတင်ကာ စစ်တောင်းမြစ်ကမ်းပါးပြိုနေကြောင်း ဝါးတီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်သောင်းက ပြောကြားသည်။

အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် အိမ်တစ်လုံး ပြောင်းရွှေ့ခဲ့ရပြီး ထပ်မံ၍ ကမ်းနှင့်နီးသော အိမ်တစ်လုံး ထပ်မံ ပြောင်းရွှေ့ရဖွယ်ရှိကြောင်း၊ ကမ်းပါးပြိုမှုများ ကြုံတွေ့နေရပြီး ကမ်းပါးပြိုကျမှုကို ရပ်တန့်ရန် ကျောက်စီတမံရိုက်ပေးရန်နှင့် မြစ်ကြောင်း ဖြောင့်ပေးရန် လိုအပ်ကြောင်း ၎င်းက ရှင်းပြသည်။ 

စစ်တောင်းမြစ်ကြောင်း ကွေ့ကောက်နေသောနေရာတွင် တည်ရှိသည့် တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်များရှိ ကျေးရွာအချို့တွင် မြစ်ကမ်းပါးပြိုကျမှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊  လူနေအိမ်ခြေများ သာမက စိုက်ခင်းသီးနှံများပါ ဆုံးရှုံးနေရသဖြင့်  မြစ်ကမ်းပါးပြိုကျမှု ကာကွယ်ရာတွင် ရေရှည်နည်းလမ်းများဖြင့် ပြုလုပ်ပေးစေလိုကြောင်း ဝါးတီးကျေးရွာ အုပ်စုချောင်းနားရွာနေ ဦးသိန်းမင်းက သုံးသပ်သည်။

စစ်တောင်းမြစ်ကမ်းပါးတစ်လျှောက် ကျေးရွာအများစုသည် လူသွားလမ်းကို မြစ်ကမ်းပါးတွင်ဖောက်ကာ ကား၊ ဆိုင်ကယ်နှင့် စစ်ဘီးများ ဖြတ်သန်းကြသည့်အတွက် ကမ်းပြိုမှု အန္တရာယ်နှင့် ပိုမိုရင်ဆိုင်နေရကြောင်း ဝါးတီးကျေးရွာ ဒေသခံ ဒေါ်စန္ဒာဝင်းက ပြောကြားသည်။

“ဒီနှစ်ထဲမှာ လမ်းမြေ သုံးခါပေးလိုက်ရတော့ ပေနှစ်ဆယ်လောက်နောက်ကို ဆုတ်လိုက်ရတယ်၊ အခုတစ်ပတ်လောက်မှာ မြေထပ်ပြိုကျတဲ့အပြင် အိမ်ရဲ့ အလယ်လောက်မှာ အက်ကွဲကြောင်းကြီး ပေါ်လာလို့ ထပ်ရွှေ့ရမယ်။ မြေလည်း မကျန်တော့တဲ့အတွက် ဝယ်ရတော့မယ်”ဟု ၎င်းကဆိုသည်။ 

ကမ်းပါးပြိုမှုနှင့် ပတ်သက်၍  ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကမ်းပါးအရှည်နှင့် အိမ်ပြောင်းရွှေ့ရမည့် အခြေအနေများကို အစီရင်ခံစာ ပေးပို့ပေးရန် ပြောကြားထားကြောင်း၊ ယင်းနောက် တိုင်းအစိုးရထံ တင်ပြကာ လိုအပ်သည်များကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အုတ်တွင်းမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ပြောကြားသည်။

အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာ အုပ်စု ဝါးတီး၊ ဘန့်ဘွေးနှင့် ချောင်းနားကျေးရွာများတွင် အိမ်ခြေ ၉၀ဝ ကျော် လူဦးရေ ၄၅၀ဝ ခန့်နေထိုင်ပြီး ကိုင်းသီးနှံများဖြစ်သော ပန်း၊ မုန်လာ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီတို့ကို အဓိက စိုက်ပျိုး လုပ်ကိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။

R-15

  • VIA


FOLLOW US