News

POST TAGGED AS

တောင်ငူ

22-Dec-2017

ပဲခူး တောင်ငူ
တောင်ငူတွင် လက်ရိုက်အုတ်ဈေးကွက်အေး

တောင်ငူ၊ ဒီဇင်ဘာ၂၁

ပဲခူးတိုင်း တောင်ငူမြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ နေပြည်တော်ကောင်စီ လယ်ဝေးမြို့ဘက်မှ စက်ရိုက်အုတ်အချို့ ဝင်ရောက်လာသဖြင့် ဒေသထွက် လက်အုတ်အရောင်းအဝယ်များ အေးစက်နေကြောင်း ဒေသခံအုတ်လုပ်ငန်းရှင်များထံမှ သိရသည်။

တောင်ငူဈေးကွက်သို့ လယ်ဝေးစက် အုတ်တစ်လုံးလျှင် ၉၉ ကျပ်ဖြင့် ဝင်ရောက်ခဲ့ပြီး လက်ရိုက်အုတ်မှာ အုတ်သစ်ထွက်ခါနီး ကာလအတွင်း တစ်လုံးလျှင် ကျပ် ၈၀ ဖြင့် ရောင်းချလျက်ရှိရာ လုပ်ငန်းရှင်အချို့က စက်ရိုက်အုတ်ကို အသုံးပြုမှုများလည်း ရှိကြောင်း၊ လက်ရိုက်အုတ်များမှာ ဈေးအမျိုးမျိုးရှိသောကြောင့် အရောင်းအဝယ် အေးသော်လည်း ထိခိုက်မှုမရှိကြောင်း တောင်ငူမြို့ခံ အုတ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပဲခူးတိုင်းရှိ လယ်ယာမြေများတွင် တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသော အုတ်ဖုတ်လုပ်ငန်းခွင်များမှာ မိုးရာသီလုပ်ငန်းခွင် ရပ်နားထားချိန်တွင် ကုန်ကြမ်းပြတ်လပ်ပြီး အုတ်ဈေးမြင့်တက်လေ့ရှိသော်လည်း ယခုနှစ်အုတ်လုပ်ငန်းရာသီ နိုဝင်ဘာလ နောက်ဆုံးပတ်မှစတင်ကာ အုတ်သစ်များ ဈေးကွက်သို့ မရောက်သေးသကဲ့သို့ ဈေးတက်ခြင်းမရှိကြောင်း ဒေသခံ အုတ်လုပ်ငန်းရှင်ကြီးများထံမှ သိရသည်။

မိုးရာသီရောက်ပါက အုတ်ဈေးမှာ ပုံမှန်ထက် ကျပ် ၁၀ မှ ၂၀ အထိ တက်သော်လည်း ယခုနောက်ပိုင်းတွင် စက်အုတ်များ ဝင်လာသဖြင့် ဈေးကွာဟမှု နည်းပါးသွားကြောင်း၊  ၂၀၁၆ခုနှစ်က အုတ်ရာသီသိမ်းချိန် လက်ရိုက်အုတ်မှာ ကျပ် ၇၀ အောက်မှ ကျပ် ၈၀ အထိ ရောက်ရှိနေကြောင်း၊ လက်ရိုက်အုတ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ်တစ်ဝိုက် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေသူများက ထင်းမီးကို အဓိကထား သုံးစွဲလေ့ရှိပြီး ဖွဲမီးဖြင့်ဖုတ်သော အုတ်သားထက် ပိုမိုလှပကာ အရည်အသွေး ကောင်းမွန်သဖြင့် ဈေးပိုရကြောင်း၊ သို့သော် လုပ်သားခ စရိတ်ကြီးမြင့်မှု၊ ကုန်ကြမ်းဈေး မြင့်တက်မှုများကြောင့် လက်အုတ်များမှာ နေပြည်တော်မှထွက်သော စက်အုတ်များ၏ ဈေးနှုန်းကို ယှဉ်ပြိုင်ရန် ခက်ခဲကြောင်း အုတ်ဖိုလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရိုက်အုတ်ဖို တစ်ဖိုလျှင် အုတ်ချပ်ရေသုံးသောင်းမှ ငါးသောင်းအထိ အုတ်စိမ်းဘဝမှ သုံးစွဲရန် အသင့်ဖြစ်သည်အထိ  ၁၀ ရက်ခန့် ကြာမြင့်ကြောင်း၊ ပွင့်လင်းရာသီဖြစ်သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ အသင့်အတင့်သာရှိနေသည့်အတွက် ယခုရက်ပိုင်း အရောင်းအဝယ်အေးပြီး တစ်နေ့အုတ်ချပ်ရေ ငါးသောင်းခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း ဒေသခံ အုတ်လုပ်ငန်းရှင်အချို့က သုံးသပ်သည်။ 

R-15



FOLLOW US