News

POST TAGGED AS

တောင်ငူ

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပြန်ရွေးချယ်မှု ရပ်ဆိုင်းပေးရန် သမ္မတထံ တောင်းဆို
တောင်ငူ၊ ဒီဇင်ဘာ ၉

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကာ  ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ  ပြန်ရွေးချယ်ရန် ယခုလတွင်း ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ ရပ်ဆိုင်းပေးရေးအတွက် ဒီဇင်ဘာလ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက  နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ထံ တောင်းဆိုထားသည်။

“ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၈၉ မှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေကို ချိုးဖောက်ပြီး အသစ်ပြန်ရွေးမှာကို လက်မခံတာပါ။ ပထမအကြိမ် ရပ်/ကျေးဥပဒေကို ပယ်ဖျက်ထားတာမျိုး မလုပ်ဘဲ၊ အခုလို အသစ်ပြန်ရွေး၊ တတိယအကြိမ် အသစ်ရေးဆွဲတဲ့ ဥပဒေဟာ အသက်မဝင်လို့ပါ၊  တောင်ငူမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အကုန်နီးပါးက တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသလို ရပ်/ကျေး ဥပဒေ ပုဒ်မ ၉(က)မှာ သမ္မတသက်တမ်းအတိုင်း ဖြစ်တယ်လို့ ပြဋ္ဌာန်းပါရှိထားတယ်”ဟု တောင်ငူမြို့ခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတစ်ဦးက  ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ မြို့နယ်ပေါင်း၂၈ ခု၊ မြို့ပေါင်း ၃၈မြို့ရှိ  ရပ်ကွက်ကျေးရွာအုပ်စု ၁၆၉၅၄မှ အုပ်ချုပ်ရေးမှူးများကို  ယခုလတွင်း  အသစ်ပြန်လည်ရွေးချယ်ရန် ညွှန်ကြားထားပြီး၊ တိုင်ကြားခံရပြီး အုပ်ချုပ်ရေးမှူးအဖြစ်မှ ရပ်ဆိုင်းခံထားရသူများကို ပြန်လည် ရွေးချယ် ခွင့်ပြုမည်မဟုတ်ကြောင်း၊ လတ်တလောတွင် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနေပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်မှုတွင် တတိယအကြိမ် ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေဖြင့် ရွေးချယ်ရမည်ဖြစ်ပြီး ကြီးကြပ်ရေးအဖွဲ့ကို ရပ်ကွက်ကျေးရွာအတွင်း နေထိုင်သည့် မိသားစုဝင်များမှ အိမ်ထောင်ဦးစီးကိုယ်တိုင် ရွေးချယ်ရမည်ဖြစ်သည့်အပြင် ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအဖြစ် အဆင့်လိုက် ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။

တောင်ငူမြို့နယ်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို အသစ်ပြန်လည်ရွေးချယ်ရန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားပြီး၂၀၁၃ ခုနှစ်မှ စတင်ကာ တာဝန်ထမ်းဆောင်ခဲ့သူများကို အသစ် ပြန်လည်ရွေးချယ်ရမည်ဟု ကြားသိထားသော်လည်း တောင်ငူမြို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် ၂၀၁၅ ခုနှစ် NLD အစိုးရအဖွဲ့တက်လာပြီးနောက်ပိုင်းတွင် ပြန်လည်ရွေးချယ်ထားသူများဖြစ်ကြောင်း တောင်ငူမြို့ပေါ် ရပ်ကွက်ကြီးတစ်ခုမှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးအချို့က နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးထံ စာရေးသား ပေးပို့တောင်းဆိုမှုနှင့်ပတ်သက်ပြီး တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားမှုမရှိပေ။   

R-15



FOLLOW US