News

POST TAGGED AS

တောင်ငူ

26-Nov-2017

တောင်ငူ
မြတ်စောညီနောင် နောင်တော်စေတီ၏ စိန်ဖူးတော်ကို မူလ ဒါယကာ၏ မိသားစု ဆက်လှူမည်
တောင်ငူ၊ နိုဝင်ဘာ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ရှေးဟောင်း သမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်စေတီထီးတော်ရှိ ပျောက်ဆုံးနေသော စိန်ဖူးတော်နေရာတွင် မူလဒါယကာ၏ မိသားစုဝင်များက ပြန်လည် လှူဒါန်းမည်ဖြစ်ကြောင်း မူလ ဒါယိကာမ၏ မြေးဖြစ်သူ ရွှေဥဒေါင်း ဆေးပေါ့လိပ်ခုံပိုင်ရှင် ဦးဇင်ကိုဝင်းက ပြောကြားသည်။

နောင်တော်စေတီ၏ ထီးတော်နှင့် စိန်ဖူးတော်နှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၂၄ ရက် နံနက် ၉ နာရီခန့်က ရွှေဆံတော်စေတီရင်ပြင် ကိုးခန်းသိမ်တော်ကြီးတွင် ခရိုင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များ၊ မြတ်စောညီနောင် ဂေါပကအဖွဲ့များနှင့် မူလဒါယကာ ရွှေနှင်းဆီ ဆေးပေါ့လိပ်ခုံ ဒေါ်အုန်းခင်၏ မိသားစုဝင်များက မြို့နယ် သံဃာ့ဝန်ဆောင် ဩဝါဒါစရိယ ဆရာတော်များထံ ဩဝါဒ ခံယူပွဲတွင် ယင်းကဲ့သို့ လျှောက်ထားတင်ပြခဲ့ခြင်း ဖြစ်သည်။

“စိန်ဖူးတော် ပျောက်ဆုံးမှုက ရန်သူမျိုး ငါးပါးကြောင့်လို့ပဲ သတ်မှတ်ပါတယ်၊ အဘွား ဒေါ်အုန်းခင်ရဲ့အလှူကို ဆက်လက် တာဝန်ယူတဲ့အနေနဲ့ တပည့်တော်တို့ မိသားစုက မူလအတိုင်း ပြန်လည် လှူဒါန်းပေးသွားမယ်”ဟု မြေးဖြစ်သူ ဦးဇင်ကိုဝင်းက လျှောက်ထားသည်။

စိန်ဖူးတော်ကို ပြန်လည် ပြုပြင်ရန် ထီးတော်ချခဲ့ခြင်းဖြစ်ပြီး ဂေါပကအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဌာနနှင့် လုံခြုံရေး အဖွဲ့ဝင်များဖြင့် ချထားခဲ့ကြောင်း၊ စိန်ဖူးတော်ကို အများသူငါ ကြည်ညိုသဒ္ဒါပွားများနိုင်ရေးအတွက် တောင်ငူမြို့ ရွှေဆံတော် စေတီရင်ပြင် စောင်းတန်းကို သယ်ဆောင်ထားရှိခဲ့ကြောင်း တောင်ငူ မြို့မိ မြို့ဖ ဦးမြင့်ညိုက ပြောကြားသည်။

ကျပ်သိန်း ရာချီတန်သည့် စိန်ဖူးတော်နှင့် လက်ဝတ် ရတနာများ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ဂေါပကအဖွဲ့က တရားလိုပြုလုပ်ကာ နိုဝင်ဘာလ ၁၅ ရက်က အမှုဖွင့်လှစ်ခဲ့ပြီး လက်ရှိချိန်ထိ စုံစမ်းစစ်ဆေးနေဆဲသာဖြစ်ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းထွန်းက ပြောကြားသည်။

နိုဝင်ဘာလ ၁၄ ရက်က နောင်တော် စေတီထီးတော်ကို ပြန်လည် ပြင်ဆင်ရန် ကျွမ်းကျင်ပညာရှင်များ၊ စေတီတော် ဂေါပကအဖွဲ့ဝင်များဖြင့် စစ်ဆေးကြည့်ရှုရာမှ စိန်ဖူးတော်နှင့် ငှက်မြတ်နားရှိ လက်ဝတ်ရတနာများ ပျောက်ဆုံးနေသည်ကို သိရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ 

နောင်တော်စေတီ၏ စိန်ဖူးတော်ကို တပ်မတော် အစိုးရလက်ထက် ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဦးဆောင်ကာ တောင်ငူမြို့ခံ ရွှေနှင်းဆီ ဆေးပေါ့လိပ် ခုံပိုင်ရှင် ဒေါ်အုန်းခင်က မတည်ကာ အများပြည်သူ လှူဒါန်းငွေများဖြင့် အသစ်ပြန်လည် တင်လှူခဲ့ပြီး စိန်ဖူးတော်သည် မိုးကုတ် သလင်းကျောက် အစစ်ဖြစ်ကာ လုံးပတ် ၅ လက်မ၊ အလျား ၉ လက်မခန့် ရှိမည်ဖြစ်ပြီး ငှက်မြတ်နားတွင် အများလှူဒါန်းထားခဲ့သည့် လက်ဝတ်ရတနာများနှင့် တွက်ပါက တန်ဖိုးငွေ မှန်းဆရန် ခက်ခဲကြောင်း အဆိုပါ စိန်ဖူးတော်ကို ရောင်တော်ဖွင့်အဖွဲ့တွင် ပါဝင်ခဲ့သည့်  ကျွမ်းကျင်ပညာရှင် ဦးဖိုးတိုးက ပြောကြားသည်။

နောင်တော်စေတီ ထီးတော်ရှိ ၈ ရတီရှိ စိန်နားကပ်သုံးရန်၊ ကျောက်မျက် ရတနာနားကပ် အရန် ၃၀၊ ရွှေ ၃၀ကျပ် သား၊ ပတ္တမြားလက်ကောက် တစ်ရန်၊ နဝရက် လက်စွပ်တစ်ကွင်းနှင့် စိန်ဖူးတော် အပါအဝင် တန်ဖိုးငွေ ကျပ်သိန်း ၄၀ဝ ကျော် ရှိသည်ဟု ခန့်မှန်းထားပြီး ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က တရားလိုပြုကာ နိုဝင်ဘာလ ၁၅ ရက်က ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ၂၉၅ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ထုံးဘိုနယ်မြေ ရဲစခန်းထံမှ သိရသည်။        

R-15

  • VIA


FOLLOW US