News

POST TAGGED AS

တောင်ငူ

21-Nov-2017

တောင်ငူ
လေတပ်စခန်းဌာနချုပ်နှင့် တောင်သူ ၁၀ ဦး အမှုရုံးချိန်း တရားလို မလာ
တောင်ငူ၊ နိုဝင်ဘာ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် မဟင်ကျေးရွာအုပ်စု အိုင်စောက်ကျေးရွာရှိ လေတပ်စခန်းဌာနချုပ်မှ သိမ်းဆည်းထားသည့် မြေယာများတွင် စိုက်ထားသည့် ကျောက်တိုင်ကို ဖျက်ဆီးသည်ဟုဆိုကာ တောင်သူ ၁၀ ဦးကို တရားစွဲဆိုသည့်အမှု ရုံးချိန်းသို့ တရားလိုနှင့် အကျိုးဆောင်ရှေ့နေ မလာကြောင်း တရားစွဲခံ တောင်သူများက ပြောကြားသည်။  

နိုဝင်ဘာလ ၂၀ ရက်နေ့ ရုံးချိန်းကို လေတပ်စခန်း ဌာနချုပ်မှ  တရားလိုဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦး၊ တရားလိုဘက်မှ အကျိုးဆောင် ရှေ့နေတို့ ရုံးချိန်း မလာသဖြင့် ဒီဇင်ဘာလ ၅ ရက်သို့ ထပ်မံ ချိန်းဆိုထားကြောင်း၊ အာမခံ ရုပ်သိမ်းခံရသည့် တောင်သူများကိုလည်း လာမည့် ရုံးချိန်းတွင် ဖမ်းဆီးခံရဖွယ်ရှိကြောင်း တရားစွဲခံရသော တောင်သူများကို ကူညီပေးနေသည့် ဦးလင်းနိုင်က ပြောကြားသည်။ 

အဆိုပါ တောင်သူ ၁၀ ဦးက လေတပ်စခန်း ဌာနချုပ်ပိုင် မြေယာများကို ဝင်ရောက် ကျူးကျော်ထွန်ယက် စိုက်ပျိုးခြင်း၊ စိုက်ထူထားသည့် ကျောက်တိုင်များကို ဖျက်ဆီးသည်ဟုဆိုကာ ၂၀၁၆ ခုနှစ်က တရားစွဲဆိုခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၁၇ ရက် တရားရုံးချိန်းတွင် ပုဒ်မ ၆ (၁) / ၅၀၆ ဖြင့် တရားစွဲဆိုထားသူ သုံးဦးကို အာမခံ ရုပ်သိမ်းခဲ့သည်။ 

“အခင်းဖြစ်တဲ့နေ့က ကျွန်တော်က အလှူရှိလို့ သာရေးနာရေး အဖွဲ့ဝင် တစ်ယောက်အနေနဲ့ သွားလုပ်ကိုင်ကူညီနေတာပါ။ ကျောက်တိုင်စိုက်တာလည်း မသိသလို ဖျက်ဆီးတာလည်း မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ၆ (၁) နဲ့ တရားစွဲပြီး အချုပ်ထဲထည့်တယ်”ဟု တရားစွဲဆို ခံထားရသည့် ဦးဇော်ထွန်းက ရှင်းပြသည်။

တောင်သူများ၏ လယ်မြေများကို လေတပ်စခန်းဌာနချုပ် သိမ်းဆည်းထားကာ ကျောက်တိုင်စိုက်သဖြင့် ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကိုပုဒ်မ ၄၄၇/ ၄၂၇ သာမက ပုဒ်မ ၆(၁)/ ၅၀၆ တို့ဖြင့် တရားစွဲဆို ခံထားရကြောင်း တရားစွဲခံထားရသူ ဦးမြင့်နိုင်က ပြောကြားသည်။

အိုင်စောက်ကျေးရွာဒေသခံ တောင်သူ ၅၉ ဦး ပိုင်ဆိုင်ကာ လုပ်ကိုင်ခဲ့ပြီး သီးနှံ အခွန်ပြေစာများ သာမက လယ်မြေပိုင်ဆိုင်ခွင့် လက်မှတ်များပါ ရှိနေသည့် လယ်ယာမြေ ဧက ၃၄၅ ဒသမ ၅၀ ကို ၁၉၉၁ ခုနှစ်ခန့်က တောင်ငူလေတပ်စခန်း ဌာနချုပ်မှ နှုတ်မိန့်ဖြင့် သိမ်းဆည်းခဲ့ကြောင်း၊ ယင်းနောက် တောင်သူအချို့ကို သီးစားချထား လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ခြံစည်ရိုး ကာရန်ကာ လုပ်ကိုင်စားသောက်ခွင့် ရုပ်သိမ်းခဲ့ကြောင်း တောင်သူများက ပြောကြားသည်။ 

ယင်းပြဿနာနှင့် ပတ်သက်ပြီး တောင်သူများ တရားစွဲဆို မခံရသေးခင်၂၀၁၃ ခုနှစ် ဇူလိုင်လခန့်က တောင်သူများက ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း၊ အာမခံ ရုပ်သိမ်းမှုကြောင့် ဒီဇင်ဘာလ ၂၀ ရက် ရုံးချိန်းတွင် ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ရန် ပြင်ဆင်ခဲ့သော်လည်း တရားလို မလာသဖြင့် လာမည့်ရုံးချိန်းတွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

R-15

  • VIA


FOLLOW US