News

POST TAGGED AS

တောင်ငူ

06-Nov-2017

တောင်ငူ
မုန်းချောင်းအတွင်း သဲ၊ ကျောက်ထုတ်ခွင့်မပြုရန် ဆန္ဒပြ

တောင်ငူ၊ နိုဝင်ဘာ ၆

သဲ၊ ကျောက် ထုတ်လုပ်မှုများကြောင့် ကမ်းပါးပြိုပြီး သီးနှံစိုက်ခင်းများ၊ လမ်းများ ပျက်စီးသည်ဆိုကာ မုန်းချောင်းအတွင်းမှ သဲနှင့်ကျောက် ထုတ်လုပ်ခွင့် ရပ်ဆိုင်းပေးရန် မုန်းဒေသခံများ စုပေါင်း၍ ယနေ့(နိုဝင်ဘာ ၆ ရက်) နံနက်ပိုင်းက ကျောက်ကြီးမြို့ပေါ်တွင် ဆန္ဒပြခဲ့ကြောင်း ဦးဆောင်သူ ဦးဝင်းနိုင်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မီးတိုင်တောနှင့် ရေအိုးစင်ကျေးရွာအနီး မုန်းချောင်းအတွင်းမှ ကျောက်၊ သဲ ထုတ်လုပ်နေသည်မှာ ငါးနှစ်ခန့်ကြာပြီဖြစ်သည်။ ယင်းလုပ်ငန်း လုပ်ကိုင်သူ ၁၅ ဦးခန့် ရှိနေသော်လည်း အမှန်တကယ် လုပ်ငန်းလိုင်စင်ရှိသူ နှစ်ဦးခန့်သာ ရှိသည်ဟု သိရှိထားကြောင်း ဆန္ဒပြသူများက ပြောဆိုကြသည်။

ဆန္ဒပြရာတွင်ပါဝင်သူ ရေအိုးစင်ကျေးရွာမှ ဦးတင်ဆယ်က “ကျောက်ကား၊ သဲကားတွေဖြတ်လို့ လမ်းပျက်စီးနေတာကို တိုင်တော့လည်း လမ်းပဲ ခင်းပေးတော့မလို၊ နစ်နာကြေးတွေ ပေးတော့မလို လုပ်တယ်။ အခုဖြစ်နေတာ ဘယ်သူမှ တာဝန်မယူဘူး။ ဒါကြောင့် ကျွန်တော်တို့ ဆန္ဒပြတာပါ”ဟု ပြောကြားသည်။

ဆန္ဒပြမှုနှင့် ပတ်သက်၍ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်ထံ ဖုန်းဆက်သွယ်မေးမြန်းရာ အစည်းအဝေး ပြုလုပ်နေသဖြင့် လတ်တလော မဖြေကြားနိုင်သေး၍ နောက်ပိုင်းမှ ပြန်လည် ဆက်သွယ်ရန် ပြန်လည် ဖြေကြားပေးသည်။

မုန်းချောင်းအတွင်း သဲ၊ ကျောက် ထုတ်လုပ်ခွင့် ရပ်ဆိုင်းရန် ဆန္ဒပြသူ ၅၀ ကျော်သည် ကျောက်ကြီး မြို့ဝင်ဆိုင်းဘုတ်အနီးမှစ၍ မြို့အတွင်း စီတန်းလှည့်လည် ဆန္ဒပြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့အရောက် ရပ်တန့်ကြွေးကြော်ကာ လူစုခွဲရုပ်သိမ်းခဲ့ကြောင်း ဆန္ဒပြသူများက ပြောကြားသည်။

R-15

  • VIA


FOLLOW US