News

POST TAGGED AS

တောင်ငူ

05-Nov-2017

ပဲခူး တောင်ငူ
ဒေသခံများကန့်ကွက်၍ တောင်ငူ စည်ပင်အမှိုက်ပုံ နေရာပြောင်းရွှေ့
တောင်ငူ၊ နိုဝင်ဘာ ၄ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ နယ်မြောက်ဘက်အထွက် ဇီးဖြူပင်ဘုန်းတော်ကြီးကျောင်း သွားရာလမ်းရှိ စည်ပင်အမှိုက်ပုံ၌ နေ့စဉ် မီးရှို့နေခြင်းနှင့် အနံ့ဆိုးများ ထွက်နေခြင်းကြောင့် အမှိုက်ပစ်ခြင်းကို ဒေသခံများက တားမြစ်ခဲ့သည့်အတွက် ယင်းအမှိုက်ပုံကို ပေါရိသာရသုသာန် နေရာဟောင်းသို့ ပြန်လည် ရွှေ့ပြောင်းပေးခဲ့ကြောင်း တောင်ငူမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောကြားသည်။   

“နဂိုကတည်းက ပြောင်းပေးဖို့ လုပ်နေတာဖြစ်ပါတယ်။ သူတို့အခုလို တောင်းဆိုလို့မဟုတ်ပေမယ့် အမှိုက်ပုံ နေရာဟောင်းကနေ သုသာန်နောက်ဘက်ကို နေရာရွှေ့ပေးဖို့ ပြင်ဆင်နေချိန်မို့ ဇီးဖြူပင်လမ်းကို ခဏ ရွှေ့ထားတာပါ”ဟု ၎င်းကဆိုသည်။ 

အဆိုပါ အမှိုက်ပုံနေရာတွင် တောင်ငူမြို့ ရပ်ကွက်ပေါင်း ၂၃ ခုမှ နေ့စဉ် ထွက်ရှိသည့် အမှိုက်တန်ချိန် ရာနှင့်ချီပြီး စွန့်ပစ်နေခြင်းဖြစ်ကာ အမှိုက်ပုံမှ အနံ့ဆိုးများ သာမက နေ့စဉ် မီးရှို့ ဖျက်ဆီးနေသည့် ညှော်နံ့များကြောင့် နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများ သာမက ကလေးငယ် အချို့ပါ ဖျားနာနေရကြောင်း ဒေသခံများက ပြောကြားသည်။

“ခုရက်ပိုင်းဆို ခွဲစိတ်ထားရတဲ့ လူကြီးအချို့လည်း ရှိနေတော့ အနံ့ဆိုးသာမကဘူး ညှော်နံ့တွေကြောင့် ကျွန်မတို့ ဘယ်လိုမှ သည်းမခံနိုင်တော့လို့ မနေ့က (နိုဝင်ဘာလ ၃ ရက်) မနက်က လူရာနဲ့ချီပြီး အမှိုက်လာပစ်တဲ့လမ်းကို ပိတ်ဆို့လိုက်ကြတယ်”ဟု အမှတ် (၉) ရပ်ကွက်နေ ဒေါ်ခင်မာဌေးက ရှင်းပြသည်။ 

အဆိုပါ အမှိုက်ပုံအနီးဝန်းကျင်တွင် ရပ်ကွက်၊ ကျေးရွာနေအိမ်များ သာမက ဌာနဆိုင်ရာရုံးများလည်း ရှိသည့်အပြင် အမှိုက်ပုံမှ ထွက်ရှိသည့် အနံ့ဆိုးများနှင့် မီးရှို့ထားသည့် ညှော်နံ့များကြောင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများရှိကြောင်း တောင်ငူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ 

ယင်းအမှိုက်ပုံသည် လွန်ခဲ့သည့် လေးလခန့်က တောင်ငူမြို့ အနောက်ဘက်၊ ပေါရိသာရသုသာန် အမှိုက်ပုံနေရာဟောင်းသို့ မပြောင်းရွှေ့ခင်တွင် ယခုနေရာသို့ ယာယီ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့မှစတင်၍ အမှိုက်ပုံကို ထွန်စက်ကြီးများဖြင့် ပြန်လည် ရှင်းလင်းပေးနေကြောင်း တောင်ငူမြို့နယ်၊ စည်ပင်သာယာရေး ဦးစီးဌာန၊ သန့်ရှင်းရေးဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

R-15



FOLLOW US