News

POST TAGGED AS

တောင်ငူ

30-Oct-2017

တောင်ငူ
ရဲမှူးနာမည်သုံး၍ ဖုန်းဘေလ် ၁၇ သိန်းကျော် လိမ်ယူ
တောင်ငူ၊ အောက်တိုဘာ ၃၀

ရေတာရှည်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမောင်မောင်ဦးနာမည်ကို အလွဲသုံး၍ ရေနီနှင့် မြို့လှမြို့နယ် အုပ်ချုပ်ရေးမှူးများထံ ဖုန်းဘေလ် ၁၇ သိန်းကျော် လိမ်ယူသွားကြောင်း အလိမ်ခံရသည့် ရေနီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက The Voice သို့ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက ရေတာရှည်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမောင်မောင်ဦးက ဖုန်းဘေလ် အကူအညီ တောင်းခိုင်းသည်ဆိုကာ ဖုန်းနံပတ် ၀၉-၄၄၄ ၃၈၆ ၀၂၁ ဆက်သွယ်လာသဖြင့် အသိမိတ်ဆွေ ဖုန်းဆိုင်နှင့် ချိတ်ဆက်ပေးခဲ့သည်။

နေ့လယ်ပိုင်းရောက်မှ ဖုန်းဘေလ် ခြောက်သိန်းကျော် ထည့်သွားသဖြင့် ရဲတပ်ဖွဲ့မှူးထံ မေးမြန်းရာ သင်တန်းသွားနေသည်ကို သိရှိရပြီး အလိမ်ခံရကြောင်း သိရှိရသည်ဟု ဦးမြင့်ဦးက ရှင်းပြသည်။

မြို့လှမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ၎င်းထံ အမျိုးသားတစ်ဦးက မိမိနှင့်ပတ်သက်ပြီး တိုင်စာများ တက်နေပြီး မြို့နယ်မှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကာ လတ်တလော ဖုန်းဘေလ် ဖြည့်ပေးရန်နှင့် ရဲမှူး စစ်ဆေးပါက သက်သာမည်ဟု ပြောဆိုသဖြင့် ရင်းနှီးသည့် ဖုန်းဆိုင်ကို ဆက်သွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

“ဖုန်းဘေလ် ဖြည့်ပေးတဲ့ ကလေးမက မနက်ပိုင်းမှာ တစ်သိန်းကျော်နေပြီဆိုပြီး ပြောတော့နေတော့ဆိုပြီး ရပ်ခိုင်းထားတာ။ နေ့လယ်ပိုင်းလောက်မှာ ထပ်ပြီး ဆက်သွယ်လာတော့ စုစုပေါင်း ၁၁ သိန်းကျော်နေပြီ ဆိုပြီးပြောတယ်။ အခု ကျွန်တော်လည်း ဘယ်လို ဖြေရှင်းရမလဲဆိုတာ ခေါင်းတွေရှုပ်နေပြီ”ဟု ဦးကျော်မြင့်က ပြောကြားသည်။

နာမည် အလွဲသုံးခံရသည်ဆိုသော ရဲမှူးမောင်မောင်ဦးထံ မေးမြန်းရာ ၎င်းအနေနှင့် ခွင့်ရက်ဖြင့် အဝေးကို ရောက်ရှိနေပြီး နာမည်အလွဲသုံး၍ လိမ်လည်သွားသည့် သတင်းကိုလည်း ကြားသိရပြီးဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ် အချို့တွင် ယင်းသို့ လိမ်လည်မှုများ ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာ နယ်ထိန်းများမှတစ်ဆင့် မြို့နယ်အဆင့် တာဝန်ရှိသူများ နာမည်သုံးစွဲပြီး ဖုန်းဘေလ် ဖြည့်ခိုင်းလာပါက မထည့်ပေးရန်နှင့် အုပ်ချုပ်ရေးမှူးများကို ပစ်မှတ်ထား လိမ်နေသည်ကို အသိပေးထားကြောင်း ၎င်းက ပြောဆိုသည်။

ရေတာရှည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ဦးသည် ဌာနတွင်း သင်တန်းသွားခဲ့ပြီးနောက် ခွင့်ရက် ခံစားနေသူဖြစ်ပြီး ယင်းသို့ နာမည်ကို အသုံးပြု လိမ်လည်မှု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်ကြားမှု မတက်လာသေးကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး စန်းစန်းဝင်းက ပြောကြားသည်။

R-15

  • VIA


FOLLOW US