News

POST TAGGED AS

တောင်ငူ

26-Oct-2017

တောင်ငူ
ပွင့်လင်းရာသီဖြစ်သော်လည်း ကုန်အဝင်အထွက် ကျဆင်း
တောင်ငူ၊ အောက်တိုဘာ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကုန်စည်ပို့ဆောင်ရေး ကားဂိတ်များတွင် မိုးတွင်းကာလတစ်လျှောက် ကုန်အဝင် အထွက် ကျဆင်းခဲ့သည် သာမက ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလတွင်လည်း ကုန်အဝင်အထွက် ပုံမှန်ထက် ကျဆင်းလျက်ရှိကြောင်း တောင်ငူမြို့ခံ ကုန်စည်ပို့ဆောင်ရေး ကားဂိတ်ကြီးများထံမှ သိရှိရသည်။

“ပုံမှန်ဆို မိုးတွင်းကာလ သုံးလေးလလောက် ကုန်တင်ကားတွေ အဆင်မပြေဘူးဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ခုဖြစ်နေတာက သီတင်းကျွတ်ပြီးလို့ တန်ဆောင်မုန်းတောင် ကုန်တော့မယ်။ ခုထိ ကုန်တင်ကားသမားနဲ့ ဂိတ်ပိုင်ရှင်တွေ အဆင်မပြေသေးဘူး။ ပြောရရင် တရုတ်ဘက် ကုန်စည် အထွက် နည်းတာအပြင် ဆန်နဲ့ မတ်ပဲကလည်း ပြောသလောက် အပြင် မထွက်တာပါ”ဟု တောင်ငူမြို့ခံ ကုန်တင်ကားကြီးပိုင်ရှင် ဦးစိုးလွင်က ပြောဆို သည်။

တောင်ငူမြို့ခံ ကုန်တင်ကားကြီး ဂိတ်များတွင် မိုးတွင်းကာလတစ်လျှောက် အဝင်ကုန်စည်သာ များပြားပြီး အထွက် ကုန်စည် မရှိသည့်အခါ ကားဂိတ်ကြီးများမှ ကုန်စည် တစ်ပိဿာ တင်ပို့ခကို ပုံမှန် ဈေးထက် လျှော့ပေးရလေ့ရှိကြောင်း၊ ပွင့်လင်းရာသီတွင် ကုန်စည်ပို့ဆောင်ခကို အမြင့်ဈေးဖြင့် ရယူလေ့ ရှိသော်လည်း ယခုဈေးမှာ အောက်ဈေးဖြင့် လုပ်ကိုင်နေရသည်ဟု ကုန်တင်ကားကြီး လုပ်ငန်းပိုင်ရှင်အချို့က ပြောဆိုသည်။

“ခုရက်ပိုင်း ကုန်စည်အကျစ် တစ်ပိဿာကို ကျပ် ၃၀ ထက် ပိုမရသလို အပွတစ်ပိဿာကိုလည်း ၅၀ ကျပ်ထက် ပိုမရဘူး။ ပိုတောင်းရင်လည်း ကုန်က မရတော့ဘူး။ ခုဖြစ်နေတဲ့ဈေးက မနှစ်က ပွင့်လင်းရာသီကို မီဖို့မပြောနဲ့ မိုးကာလကိုတောင် မမီဘူး။ အလုပ်ကောင်းချိန်ဆို တစ်ပတ်ကို နှစ်ခေါက်လောက် ကုန်ရတယ်။ ဒီအချိန်ကတော့ ကံကောင်းရင် တစ်ပတ်ကို တစ်ခေါက်လောက် ဆွဲရမယ်။ ပုံမှန် နှစ်ပတ် တစ်ခေါက်လောက် ရရင် ပျော်နေရပြီ”ဟု ကုန်တင်ကားကြီး လုပ်ငန်းရှင် ဦးထူးထူးနိုင်က ရှင်းပြသည်။

တောင်ငူမြို့တွင် ကုန်တင်ကုန်ချ ကားကြီး ဂိတ်ပေါင်း ၁၀ ခုခန့်ရှိပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် ကုန်စည်အဝင် အထွက် တစ်ရက်ကို ပိဿာချိန် ၄၀ဝ၀ဝ ထက် မကျော်သော်လည်း ပွင့်လင်းရာသီချိန်ဖြစ်သည့် အောက်တိုဘာလမှ ဒီဇင်ဘာလများတွင် ရန်ကုန်-မန္တလေးမြို့ကြီးများသို့ ကုန်စည်ပိဿာချိန် တစ်သိန်း အနည်းဆုံး တင်ပို့ရကြောင်း မြို့ခံကုန်တင်ကားကြီးပိုင်ရှင်များနှင့် ကုန်စည်ပို့ဆောင်ရေး ဂိတ်တာဝန်ခံများထံမှ သိရှိရသည်။

R-15

  • VIA


FOLLOW US