News

POST TAGGED AS

တောင်ငူ

24-Oct-2017

တောင်ငူ
မြစ်ရေသုံးကြိမ် ကြီးခဲ့မှုကြောင့် မတ်ပဲစိုက်ပျိုး၍ မဖြစ်နိုင်
တောင်ငူ၊ အောက်တိုဘာ၂၄

တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလမှစတင်၍ သုံးကြိမ်တိုင်တိုင် စစ်တောင်းမြစ်ရေ ကြီးခဲ့မှုကြောင့် မြေအနေအထားအရ မတ်ပဲစိုက်ပျိုးရန် မဖြစ်နိုင်တော့ကြောင်း ဒေသခံ တောင်သူကြီးများက ပြောကြားသည်။      

“မတ်ပဲက အောက်တိုဘာထက် နောက်ကျစိုက်ပျိုးလို့ မရဘူး။ အခုစိုက်ပျိုး ချိန်နောက်ကျသွားတဲ့အပြင် မြစ်ရေကျပြီးနောက် မြေက အစိုဓာတ်က အများကြီး ကျန်နေတယ်။ အခုချိန် စိုက်ပျိုးမယ်ဆို စိုက်လို့ရပေမယ့် အပင်ရွက်တွေ ဝါပြီး ခြောက်နိုင်တဲ့အပြင် အသီးဖောက်ပိုးတွေ ကျကုန်မှာပါ”ဟု တောင်ငူမြို့နယ်၊ ရွာတန်းရှည်ကျေးရွာဒေသခံ ဦးကျော်ဌေးက ရှင်းပြသည်။

တောင်ငူခရိုင် ကျောက်ကြီး၊ ရေတာရှည်၊ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်းနှင့် ဖြူးမြို့နယ်များအတွင်း စက်တင်ဘာလက နှစ်ကြိမ်၊ အောက်တိုဘာလက တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် စစ်တောင်းမြစ်ရေကြီးခဲ့ပြီး စိုက်ပျိုးမြေဧက သုံးသောင်းကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ 

“တောင်သူက ဒီနှစ်စပါးဈေး ကောင်းလိုက်လို့ အသက်ရှူချောင်သွားတာ။ နွေစပါးစိုက်တော့လည်း ရေက မလွယ်တဲ့နေရာတွေဆို ပြောင်းစိုက်ပြီး ပြောင်းမဖြစ်တဲ့ မြေဆို မတ်ပဲကို ကြဲပြီး ဓာတ်မြေဩဇာ ဘာညာ မထည့်တော့ဘဲ ထွက်သမျှယူဖို့ပဲ စိတ်ကူးနေတယ်”ဟု ထန်းတပင်မြို့နယ် ခုံစုကျေးရွာအုပ်စု နောင်ချိုကျေးရွာနေ ဒေါ်ထိုက်ထိုက်လင်းက ဆိုသည်။

အိန္ဒိယ ပဲအဝယ်ရပ်မှုကြောင့် တောင်ငူကုန်သည်နှင့် တောင်သူကြီးများ လက်ထဲတွင် ပဲအိတ်ရေ သိန်းချီကျန်ရှိနေပြီး အိန္ဒိယ ပဲအဝယ်မရပ်ခင်က တစ်တင်းခွဲအိတ် တစ်အိတ်လျှင် ကျပ် ၄၀ဝ၀ဝ ခန့်ပေါက်ဈေးရှိနေခဲ့သော်လည်း ယခုအခါ တစ်တင်းခွဲအိတ်ကို ကျပ် ၃၂၀ဝ၀ သာရှိနေခြင်းကြောင့် နယ်ဈေးကွက်ရှိ ကုန်သည်ပွဲစားများ မဝယ်ရဲသေးကြောင်း ပဲကုန်သည်ကြီးများက ပြောကြားသည်။

R-15

  • VIA


FOLLOW US