News

POST TAGGED AS

တောင်ငူ

တောင်ငူတွင် လူ ၃၀၀ ခန့် ရွှေ့ပြောင်း ရေဘေးရှောင်
တောင်ငူ၊ စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် လေးနှစ်အတွင်း ပထမဆုံးအကြိမ် စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့် ကျော်လွန်ရောက်ရှိ၍ ယနေ့ (စက်တင်ဘာလ ၃) ရက်တွင် အိမ်ထောင်စု ၅၀ ခန့်၊ လူဦးရေ ၃၀၀ ခန့် ရေလွတ်ရာသို့ ရွှေ့ပြောင်း ရေဘေးရှောင်နေရကြောင်း မြို့နယ်ထွေ/အုပ်ရုံးထံမှ သိရှိရသည်။

စစ်တောင်းမြစ်ရေ မြင့်တက်လာသဖြင့် တောင်ငူမြို့ အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သည့် အမှတ် ၉ ရပ်ကွက်၊ ကြက်သျှာစွန်းရပ်ကွက်၊ အမှတ် ၁၀ ရပ်ကွက်၊ သဖန်းပင်ကျေးရွာ၊ ရွာတန်းရှည်ကျေးရွာနှင့် အလယ်ကျွန်းကျေးရွာများရှိ လူနေအိမ် တစ်ထောင်ခန့် မြစ်ရေဝင်ပြီး ပေါ်တော်မူဘုရား၊ ခေမာသီဝံကျောင်းနှင့် ကြက်သျှာစွန်း အမကတွင် လူဦးရေ ၃၀၀ ခန့် ရွှေ့ပြောင်းနေထိုင်ကြောင်း ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းညွန့်က ပြောကြားသည်။

တောင်ငူမြို့ အထက်ပိုင်း နေပြည်တော်၊ သာဝတ္ထိနှင့် ရေနီမြို့နယ်များတွင် မိုးရွာသွန်းမှု များခဲ့သည့်အပြင် ဆွာချောင်းဆည်နှင့် အထက်ပေါင်းလောင်း၊ အောက်ပေါင်းလောင်းဆည်များတွင် ရေပိုလွှဲမှ ရေကျော်ကျကာ စစ်တောင်းမြစ်အတွင်း ဝင်ရောက်ခဲ့ခြင်းကြောင့် သြဂုတ်လ ၃၁ ရက်မှစ၍ မြစ်ရေမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူများထံမှ သိရှိရသည်။

R-15
ဓာတ်ပုံ - ဇေယျာကို



FOLLOW US