News

POST TAGGED AS

တောင်ငူ

24-Aug-2017

တောင်ငူ
အခြေခံလုပ်ခလစာကို ပြည်ထောင်စု အစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် ပြင်ဆင်ခွင့်ရှိ
တောင်ငူ၊ ဩဂုတ်၂၄

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခြေခံလုပ်ခလစာကို ကျပ် ၃၆၀ဝ သတ်မှတ်ထားရာ ၂ နှစ်လျှင် တစ်ကြိမ် ပြည်ထောင်စု အစိုးရအဖွဲ့ အတည်ပြုချက်များ ရရှိပါက အခါအားလျော်စွာ ပြောင်းလဲ ပြင်ဆင်ခွင့်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက ပြောကြားသည်။

တောင်ငူမြို့နယ် ခပေါင်းခန်းမဆောင်တွင် ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းက ပြုလုပ်သော အနိမ့်ဆုံး အခြေခံ လုပ်ခလစာ နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့သည်။ 

အနိမ့်ဆုံး အခြေခံ လုပ်ခလစာ သတ်မှတ်ချက်အနေနှင့် ၁၉၇၅ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ၁၉၇၅ ခုနှစ် မတ်လ ၂၀  ရက်တွင် တစ်နေ့လုပ်ခ ၃ ကျပ် ၈၅ ပြား စတင် သတ်မှတ်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၈ ရက်တွင် တစ်ရက် ၈ နာရီကို  တစ်နာရီ ၄၅၀ ကျပ်နှုန်းဖြင့် သတ်မှတ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

လတ်တလောတွင် ရန်ကုန်အခြေစိုက် အလုပ်သမားရေးရာ အဖွဲ့အစည်းများအနေနှင့် တစ်ရက် လုပ်ခလစာ ကျပ် ၃၆၀ဝ ကျပ်မှ ကျပ် ၆၀ဝ၀ ကျပ်အထိ တိုးမြှင့်ပေးရန် တောင်းဆိုမှုများရှိနေပြီး ဆန္ဒထုတ်ဖော်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။ 

အလုပ်သမားများ၏ တောင်းဆိုချက်မှာ မမှားသော်လည်း အနိမ့်ဆုံးလုပ်ခ လစာနှင့်ပတ်သက်၍ အခြေအနေနှင့် လုပ်ငန်းပေါ်တွင်ကြည့်ကာ ရေးဆွဲပြင်ဆင်မှု မလုပ်ဆောင်ပါက အလတ်စားနှင့် အသေးစား လုပ်ငန်းရှင်များအထိ နာမည်ဖြစ်ကြောင်း တောင်ငူမြို့ အခြေစိုက် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ 

“ကျွန်တော်ကိုယ်တိုင် ဝန်ထမ်းအားလုံးကို တစ်ရက်ကျပ် ၃၆၀ဝ ပေးလို့ မဖြစ်နိုင်ဘူး။ တချို့ကျွမ်းကျင်သူကို တစ်ရက် ၅၀ဝ၀ ကျော် ပေးနိုင်ပေမယ့် အလုပ်သမားတိုင်းကို မပေးနိုင်ဘူး”ဟု တောင်ငူမြို့ အခြေစိုက် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ 

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူများ၊ စက်ရုံအလုပ်ရုံများမှ တာဝန်ရှိသူနှင့် အလုပ်သမားများ၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အပါအဝင် ၂၀ဝ ခန့် တက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် အလုပ်သမား အခွင့်အရေး လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူများ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့သည်။

R-15

  • VIA


FOLLOW US