News

POST TAGGED AS

တောင်ငူ

30-Jul-2017

ဆေးရုံ တောင်ငူ
တောင်ငူနှင့် ဖြူးတွင် H1N1 တုပ်ကွေးရောဂါ တွေ့သည်မှာ မဟုတ်မှန်ဟုဆို
တောင်ငူ၊ ဇူလိုင်၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူနှင့် ဖြူးမြို့နယ်တို့တွင် ဇူလိုင်လ ၂၈ ရက်က ရာသီတုပ်ကွေး (H1N1) ရောဂါဖြင့် တက်ရောက်ကုသနေသော လူနာများ ရောက်နေသည်ဟု ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း တောင်ငူခရိုင် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

လူမှုကွန်ရက်တွင် ဖြူးမြို့ရှိ ပြည်သူ့ဆေးရုံနဲ့ တောင်ငူပြည်သူ့ဆေးရုံတို့တွင် H1N1 ဖြင့် တက်ရောက်ကုသမှု ခံယူနေရသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ အမှန်တကယ် ဖြစ်လာပါက ထိမ်ချန်ထားမည် မဟုတ်ဘဲ အများသိရှိနိုင်ရန် ထုတ်ပြန်ပေးမည်ဖြစ်ပြီး  ကုသရေးအတွက် သီးသန့်ခန်းတစ်ခု ပြင်ဆင်ထားကြောင်း ၎င်းက ရှင်းပြသည်။ 

ရန်ကုန်တွင် H1N1 ဖြင့် လူသေဆုံးမှု ရှိလာခဲ့ပြီးနောက်ပိုင်း တောင်ငူနှင့် ဖြူးတွင်လည်း ယင်းရောဂါဖြင့် တက်ရောက်နေသူများ ရောက်ရှိနေပြီး ဖြူးဆေးရုံမှ တောင်ငူဆေးရုံကြီးသို့ ရွှေ့ပြောင်းကုသသူမှာ လမ်းတွင် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ 

“ဖြူးမှာ အပြင်းစား တုပ်ကွေးရောဂါနဲ့ ကုပေးနေရတာ တစ်ယောက်မှ မရှိသလို၊ ရန်ကုန်ဆေးရုံကိုလည်း လွှဲပြောင်းပေးရတယ် ဆိုတာကလည်း သတင်းအမှားပါ၊ ဒီရက်ပိုင်းမှာ ရန်ကုန်ဆေးရုံကြီးကို လွှဲပေးရသူက ဆီးချိုရောဂါသည် တစ်ယောက်ပဲ ရှိတယ်” ဟု ဖြူးဆေးရုံအုပ်ကြီး ဒေါက်တာကျော်မျိုးလှိုင်က ပြောကြာ သည်။

ရာသီတုပ်ကွေး H1N1 ဖြင့် တက်ရောက်ကုသနေသည့် စာရင်းနှင့် မြို့နယ်များသာမက သေဆုံးသူ အရေအတွက်ကိုပါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ပေးနေကြောင်း၊ လက်ရှိတွင် ၆ ဦး သေဆုံးပြီး ဆေးကုသနေရသော လူနာ ၃၆ ဦး ရှိကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ပဲခူးတိုင်းဒေသကြီးတွင် H1N1 ရောဂါဖြင့် တက်ရောက်ကုသနေသူများလည်း ရှိနေသည်ဟု ဇူလိုင်လ ၂၇ ရက်က ကောလာဟလများ ထွက်ပေါ်လာကြောင်း၊ လက်ရှိအထိ ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံ တွင်  ယင်းရောဂါဖြင့် တက်ရောက်နေရသူ တစ်ဦးသာ ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ 

အဆိုပါ တုပ်ကွေးရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးခဲ့သူ တစ်ဦးမှာ ပဲခူးမြို့တွင် နေထိုင်သူ ဖြစ်ကြောင်း၊ လက်ရှိတွင် ခရိုင်မြို့ကြီးများတွင် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ Mask များ ဖြန့်ဝေခြင်းများ လုပ်ဆောင်ခဲ့သည်။                                  

R-15



FOLLOW US