News

POST TAGGED AS

တောင်ကိုရီးယား

လာမည့်လအတွင်း ပြုံယမ်းသို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသွားရောက်ပြီး ကင်ဂျုံအန်းနှင့်တွေ့မည်


ဆိုးလ်၊ ဩဂုတ် ၁၄ 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် မြောက်ကိုရီးယားနိုင်ငံသို့ လာမည့် စက်တင်ဘာလအတွင်း သွားရောက်လည်ပတ်ပြီး လူငယ်ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

ယင်းခရီးစဉ်သည် ဆယ်စုနှစ်တစ်ခု ကျော်ကာလအတွင်း တောင်ကိုရီးယားခေါင်းဆောင်တစ်ဦး မြောက်ကိုရီးယားသို့ ပထမဆုံးသွားရောက်လည်ပတ်ခြင်းဖြစ်သည်။ မြောက်နှင့် တောင်ကိုရီးယားတို့သည် ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ရာမှ နောက်ဆုံးတွင် ခေါင်းဆောင်များတွေ့ဆုံသည်အထိ ဖြစ်လာခဲ့သည်။ 

သမ္မတမွန်ဂျေအင်းသည် မြောက်ကိုရီးယားခေါင်းဆောင်နှင့် ယခုနှစ်အတွင်း နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ပြီးဖြစ်သည်။ 

မွန်ဂျေအင်း၏ အကြံပေးပုဂ္ဂိုလ်အဆိုအရ မြောက်ကိုရီးယားအနေနှင့် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးကိစ္စကို အခိုင်အမာလုပ်ဆောင်လာရေးအတွက် တောင်ကိုရီးယားက ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။ 

“ကျွန်တော်တို့အစိုးရက ကူညီပံ့ပိုးသူနေရာကနေ ဝင်ရောက်နိုင်ဖို့ကြိုးပမ်းနေတာပါ”ဟု သမ္မတမွန်ဂျေအင်း၏ အထူးအကြံပေးပုဂ္ဂိုလ် ချောင်အင်မွန်းကဆိုသည်။ 

မွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့ စက်တင်ဘာလ မည်သည့်နေ့ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဟူသည့် အသေးစိတ်အစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံက ထုတ်ပြန်ခြင်းမရှိသေးပေ။

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံသည် ယခုနှစ်ဆန်းပိုင်းကာလ၊ ကင်ဂျုံအန်းက နျူကလီးယားဒုံးကျည်စမ်းသပ်မှုများကို ရပ်ဆိုင်းပေးမည်ဟု ကတိပေးလိုက်သည့်အချိန်နောက်ပိုင်းမှစ၍ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာသည်။ 

နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်းကြောင့် နောက်ဆုံးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်းတို့ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်သည်အထိ ဖြစ်လာခဲ့သည်။

သို့သော် ယနေ့အချိန်အထိ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးနှင့် ပတ်သက်၍ ထူးခြားဖြစ်စဉ် တစ်စုံတစ်ရာမျှ ပေါ်ပေါက်လာခြင်းမရှိသေးပေ။ 

မြောက်ကိုရီးယားအစိုးရက အမေရိကန်ပြည်ထောင်စုသည် နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကိစ္စကို ဂိုဏ်းစတားဆန်ဆန် ဖိအားပေးတောင်းဆိုလျက်ရှိသည်ဟု ဝေဖန်ထားသည်။ ထို့ပြင် တောင်ကိုရီးယားသည်လည်း မျက်စိစုံလုံးမှိတ် အမိန့်နာခံမှုဖြင့် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့အရေးယူမှုအစီအစဉ်များတွင် ပါဝင်လျက်ရှိသည်ဟု မြောက်ကိုရီးယားကဆိုသည်။ 

ချောင်အင်မွန်း၏ အဆိုအရ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် လာမည့်သီတင်းပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံသို့ ထပ်မံသွားရောက်ဦးမည် ဖြစ်သည်။ 

“ပြုံယမ်းနဲ့ ဝါရှင်တန်တို့အနေနဲ့ စေ့စပ်ညှိနှိုင်း သဘောတူညီမှုတချို့ ထပ်လုပ်နိုင်မယ်လို့ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

F-01



FOLLOW US