News

POST TAGGED AS

တောင်ကိုရီးယား

အမေရိကန်ကုမ္ပဏီများ မြောက်ကိုရီးယား၌ ရင်းနှီးမြှုပ်နှံခွင့်ပြုဖွယ်ရှိ၊ လျှပ်စစ်စွမ်းအင်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကူညီပေးနိုင်ဟု နိုင်ငံခြားရေးဝန်ကြီးပြော


ဝါရှင်တန်၊ မေ ၁၄ 

အမေရိကန်ပြည်ထောင်စုအနေနှင့် မြောက်ကိုရီးယားနိုင်ငံတွင်း အမေရိကန်ပုဂ္ဂလိကကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်အောင် ခွင့်ပြုပေးဖွယ်ရှိပြီး လျှပ်စစ်စွမ်းအင်ပမာဏ လိုအပ်ချက်များစွာရှိသော မြောက်ကိုရီးယားအတွက် အမေရိကန်ကုမ္ပဏီများက ကူညီပံ့ပိုးပေးနိုင်သည်ဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တနင်္ဂနွေနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

Fox News သတင်းဌာနနှင့်ပြုလုပ်သော အင်တာဗျူးတွင် ယင်းသို့ မြောက်ကိုရီးယားနိုင်ငံ၌ အမေရိကန်ပုဂ္ဂလိက လုပ်ငန်းများ ဝင်ရောက်ရင်းနှီးမြှုပ်နှံခွင့်ပြုမည့်ကိစ္စသည် ယင်းနိုင်ငံအနေနှင့် နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကို အပြည့်အဝ လုပ်ဆောင်ပေးမှုအပေါ်မူတည်လိမ့်မည်ဖြစ်ကြောင်း မိုက်ပွန်ပီယိုက ဆိုသည်။ 

အမေရိကန်ရင်းနှီးမြှုပ်နှံသူများက မြောက်ကိုရီးယား၏ စွမ်းအင်ကွန်ရက်တည်ဆောက်ရာတွင် ကူညီပံ့ပိုးပေးနိုင်သည်ဟုလည်း ၎င်းကဆိုသည်။ 

နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ပြီး ခေါင်းဆောင်ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုလိုအမေရိကန် ရင်းနှီးမြှုပ်နှံမှုများအကြောင်းကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ ပွန်ပီယိုသည် မြောက်ကိုရီးယားနိုင်ငံ စီးပွားရေးပြန်လည်တည်ဆောက်ရာတွင် အမေရိကန်ပြည်ထောင်စုက အကူအညီပေးနိုင်သည်ဟုလည်း ပြီးခဲ့သည့်သောကြာနေ့က ထုတ်ဖော်ပြောဆိုခဲ့သေးသည်။ 

“အမေရိကန်တွေ ဝင်လာမယ့်သဘောပေါ့၊ ပုဂ္ဂလိက ကဏ္ဍတွေပါ၊ အမေရိကန် ပုဂ္ဂလိကလုပ်ငန်းတွေက မြောက်ကိုရီးယားရဲ့ စွမ်းအင်ကဏ္ဍတွေကို တည်ဆောက်ရာမှာ အကူအညီပေးနိုင်တယ်၊ မြောက်ကိုရီးယားမှာ လျှပ်စစ်မီးပမာဏ အမြောက်အမြားလိုအပ်နေတယ်” ဟု မိုက်ပွန်ပီယိုက ပြောကြားသည်။ 

ထို့ပြင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာမည်ဆိုပါက မြောက်ကိုရီးယား နိုင်ငံသားများအနေနှင့် အသားစားနိုင်ပြီး ကျန်းမာသည့် ဘဝကိုရရှိနိုင်မည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ 

Fox News အင်တာဗျူးတွင် တွေ့ဆုံမေးမြန်းသူ ခရစ်ဝေါလေ့စ်အားပွန်ပီယိုက “ကင်ဂျုံအန်းဟာ အနောက်မီဒီယာတွေကို အာရုံစိုက်ပြီး ကြည့်ရှုနားထောင်လေ့ရှိတယ်”ဟုလည်း အသိပေး ပြောကြားသည်။ 

နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယို၏ မြောက်ကိုရီးယားခရီးစဉ်သည် နိုင်ငံတကာ မီဒီယာများအတွက် ခေါင်းကြီးသတင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး ယင်းခရီးစဉ်ကြောင့် မြောက်ကိုရီးယားတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားသုံးဦးအား ပြုံယမ်းအစိုးရက လွှတ်ပေးခဲ့သည်။ 

မိုက်ပွန်ပီယိုသည် ယခင် CIA ညွှန်ကြားရေးမှူးတစ်ဦးဖြစ်ပြီး ယခင်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ကို ထရမ့်က ရာထူးမှဖယ်ရှားလိုက်ပြီးနောက် ၎င်းနေရာတွင် အစားထိုးခန့်အပ်ခံရခြင်းဖြစ်သည်။ 

မိုက်ပွန်ပီယိုသည် ကင်ဂျုံအန်းနှင့် နှစ်ကြိမ်တိတိတွေ့ဆုံထားသူဖြစ်ပြီး ၎င်းအဆိုအရ ကင်ဂျုံအန်းသည် ဗဟုသုတ ကြွယ်ဝလွန်းသူတစ်ဦးဖြစ်သလို အနောက်မီဒီယာများကိုလည်း အမြဲလေ့လာစောင့် ကြည့်နေသူဖြစ်သည်။ 

“အပြောင်းအလဲဖြစ်နိုင်တဲ့အနေအထားမျိုးရှိပါတယ်ဆိုတဲ့ အခြေအနေမျိုးကို မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းတွေ သိမြင်လာအောင် ဘယ်အမေရိကန်သမ္မတကမှ ဖန်တီးမပေးနိုင်ခဲ့ဘူး။ ကျွန်တော်တို့အနေနဲ့ အန္တရာယ်တွေကိုသတိကြီးစွာနဲ့ကြည့်ရမှာဖြစ်သလို လေးစားမှုလည်း ပြသရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့မျှော်လင့်ထားတာတော့ ဥက္ကဋ္ဌကင်ဂျုံအန်းအနေနဲ့ မဟာဗျူဟာအပြောင်းအလဲတစ်ရပ်လုပ်လာဖို့ပါပဲ။ တကယ်လို့ သူသာအပြောင်း အလဲလုပ်လာမယ်ဆိုရင် သမ္မတထရမ့်အနေနဲ့ အဲ့ဒီအပြောင်းအလဲကို အောင်အောင်မြင်မြင်ဖြစ်စေဖို့ ပြင်ဆင်ထားပြီဆိုတာကို အခိုင်အမာပြောလိုပါတယ်” ဟု ပွန်ပီယိုက ပြောကြားသည်။ 

အမေရိကန်သမ္မတ ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တို့သည် လာမည့် ဇွန်လ ၁၂ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

F-01



FOLLOW US