News

POST TAGGED AS

တောင်ကိုရီးယား

မြောက်ကိုရီးယား အချိန်ဇုန်ကို တောင်ကိုရီးယား စံတော်ချိန်နှင့် ညှိ၍ ပြောင်းလဲသတ်မှတ်


ပြုံယမ်း မေ ၅

မြောက်ကိုရီးယားသည် ၎င်း၏အချိန်ဇုန်ကို တောင်ကိုရီးယား စံတော်ချိန်နှင့်ညှိ၍ စနေနေ့က ပြောင်းလဲသတ်မှတ်လိုက်ရာ ပေါင်းစည်းရေးသို့ ဦးတည်သည့် ခြေလှမ်းတစ်ခုဖြစ်သည်ဟု DWသတင်းတွင် ဖော်ပြထားသည်။

ယခင် တောင်နှင့်မြောက် ဆွေးနွေးပွဲများတွင် အချိန်ပြနာရီ နှစ်မျိုးဖြစ်နေခြင်းကြောင့် ကင်ဂျုံအန်းအနေနှင့် စိတ်မကောင်း ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

ပြုံယမ်းသည် ဆိုးလ်စံတော်ချိန်နှင့် တူညီစေရန်အတွက် မိနစ် ၃၀ ရှေ့တိုး သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခင်အပတ်က နှစ်နိုင်ငံနယ်ခြားရှိ ငြိမ်းချမ်းရေးဂေဟာတွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နှင့် ကင်ဂျုံအန်းတို့အကြား ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲတွင် ထိုအစီအစဉ်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဂေဟာ နံရံပေါ်တွင် စံတော်ချိန်နှစ်မျိုးပြနေသော နာရီနှစ်ခု ရှိနေခြင်းကို မြင်ရသည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု ကင်ဂျုံအန်းက ပြောဆိုခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ယွန်ယောင်ချန်းက ပြောကြားသည်။

တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးသည် ဂျပန်နိုင်ငံက အသုံးပြုနေသော အချိန်ဇုန်ကိုပင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကြောင့် ဒေသတွင်းတင်းမာမှုများ ဖြစ်ပေါ်ခဲ့သော ၂၀၁၅ တွင် ပြုံယမ်းက ၎င်း၏ အချိန်ဇုန်ကို နောက်ဆုတ်ခဲ့သည်။

“အဲဒီအချိန်က စံတော်ချိန်ကို ကျွန်တော်တို့ ပြောင်းခဲ့ကြတာဆိုတော့ မူလစံတော်ချိန်ကို ကျွန်တော်တို့ ပြန်ပြောင်းကြရမယ်။ တရားဝင်ကြေညာဖို့ ခင်ဗျားသဘောတူသလား”ဟု မွန်ဂျေးအင်းကို ကင်က ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်က ထိုသို့ စံတော်ချိန် ပြောင်းလဲခဲ့ခြင်းအတွက် တရားဝင် အကြောင်းပြချက်ပေးရာတွင် ၁၉၁၀ နှင့် ၁၉၄၅ အကြားတွင် ကိုရီးယားကျွန်းဆွယ် ဂျပန်တို့၏ ကိုလိုနီအုပ်ချုပ်မှု လက်အောက်ကျရောက်ခဲ့သည့် ဆိုးမွေကို အဆုံးသတ်ခြင်းဖြစ်သည်ဟု ပြုံယမ်းက ဆိုခဲ့သည်။

တောင်နှင့်မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲသည် မတူကွဲပြားသော အရာများကို တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲစုစည်းရမည့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် ဖြစ်သောကြောင့် ယခုကဲ့သို့ စံတော်ချိန် ပြောင်းလဲမှုသည် လက်တွေ့ကျသော ပထမဆုံးအဆင့်ဖြစ်သည်ဟု မြောက်ကိုရီးယား KCNA သတင်းဌာနက ထုတ်ပြန်ကြေညာသည်။

အမေရိကန်က ကိုရီးယားစစ်ပွဲကို အဆုံးသတ်ကာ မြောက်ကိုရီးယားကို တိုက်ခိုက်ခြင်းမပြုဟု ကတိပေးပါက ပြုံယမ်းကလည်း နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်မည်ဟု ကင်ဂျုံအန်းက ပြောကြားထားကြောင်း တောင်ကိုရီးယားဘက်က သတင်းထုတ်ပြန်ထားသည်။ 

F-04




FOLLOW US